မြဝတီမြို့တွင်ပြုလုပ်သည့် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး စီမံကိန်း၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာဖိုရမ်တွင် အချက်ငါးချက်ကို ဦးတည်ဆွေးနွေး

မြဝတီမြို့တွင်ပြုလုပ်သည့် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး စီမံကိန်း၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာဖိုရမ်တွင် အချက်ငါးချက်ကို ဦးတည်ဆွေးနွေး
Published 1 March 2018

တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ်ကို မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ အောင်ဇမ္ဗူလင်း ဟိုတယ်ခန်းမတွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်အား လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၊ (TCDN) နှင့် မြဝတီမြို့ အခြေစိုက်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်း (CCF) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး အချက်ငါးချက်ကိုဦးတည်ပြီး ယင်းအချက်အောက်မှ ခေါင်းစဉ်ငယ်များထုတ်ကာ ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်သို့ တက်ရောက်လာသူများက လူကုန်ကူးမှု လျော့ကျလာစေရေး၊ ကလေးသူငယ်များနှင့် အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံရေး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ကျန်းမာရေးနှင့်ပညာရေး၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားကြောင့် လူငယ်လူရွယ်များ ဘဝပျက်သုဉ်းလာခြင်းမှ ကာကွယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့သော မြဝတီမြို့နယ် သင်္ဃန်းညီနောင်၊ ပညာရောင်ခြည် ကျောင်းတိုက်ဆရာတော် အရှင်ပညာဇောတက “မြန်မာနိုင်ငံနဲ့ နယ်စပ်၊ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြတဲ့ မိဘတွေ၊ ယင်းမိဘတွေရဲ့ ကလေးတွေပညာရေးကို ဦးဇင်းကစိတ်ဝင်စားတယ်။ သံဃာတစ်ပါးဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးအပိုင်းကိုတော့ ဆွေးနွေးလို့သိပ်မရပါဘူး။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သူများနိုင်ငံမှာ သွားလုပ်ကြရတယ်။ မည်သည့်နိုင်ငံမှာမဆို တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့တော့ ဘယ်နေရာမှာမှ ငြိမ်းအေးမှုမရနိုင်ပါဘူး။ တရားဥပဒေစိုးမိုးမှုဆိုတာ မည်သည့်နိုင်ငံမှာမဆို အလွန်တရာမှ အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး ခေါင်းစဉ်အောက်မှာ ရွှေ့ပြောင်းလုပ်သမားများ၏ ကလေးများအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအပါအဝင် အခြားကဏ္ဍတွေမှာလည်း ပါဝင်ဆွေးနွေးကြတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အမြင်တိုးတက်လာမယ်။ သက်ဆိုင်ရာကလည်း ဒီအကြောင်းအရာတွေကို နားထောင်ခဲ့ရရင် သူတို့အတွက် အထောက်အပံ့ဖြစ်သွားမှာဖြစ်သလို ပြည်သူတွေအတွက်လည်း အများကြီးလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုမိန့်ကြားသည်။

Most Read

Most Recent