မန်းရွှေစက်တော်ပွဲတော်သို့ နွားလှည်းများဖြင့် လာရောက်သည့်ဓလေ့ ပျောက်ကွယ်လုနီးဖြစ်လာပြီး လက်ကျန်ကျေးရွာတစ်ရွာ အစဉ်အလာမပျက် လာရောက်

မန်းရွှေစက်တော်ပွဲတော်သို့ နွားလှည်းများဖြင့် လာရောက်သည့်ဓလေ့ ပျောက်ကွယ်လုနီးဖြစ်လာပြီး လက်ကျန်ကျေးရွာတစ်ရွာ အစဉ်အလာမပျက် လာရောက်
Published 1 March 2018

မင်းလှကျင်းကျေးရွာမှ မန်းရွှေစက်တော် ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ထွက်ခွာလာကြစဉ်

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ပွဲတော်သို့ နွားလှည်းများဖြင့် လာရောက်သည့်ဓလေ့ ပျောက်ကွယ်လုနီးဖြစ်လာပြီး လက်ကျန်ကျေးရွာတစ်ရွာတည်းက တပေါင်းလပြည့်ရက်ဝန်းကျင်တွင် အစဉ်အလာမပျက် လာရောက်၍ ရက်ရှည်နေထိုင် ဘုရားဖူးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ဘုရားပွဲတော်များသို့ နွားလှည်းများဖြင့် အုပ်စုဖွဲ့လာရောက်သည့် ဓလေ့တစ်နှစ်ထက်တစ်နှစ် သိသာစွာလျော့နည်းလာကြောင်း မန်းရွှေစက်တော်ပွဲတော်သို့လည်း လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်ကအထိ မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှ နွားလှည်းများဖြင့် လာရောက်ကြ၍ ရက်ရှည်နေထိုင်လေ့ရှိခဲ့ကြောင်း ယခုနှစ်ပိုင်းများတွင် မင်းဘူးမြို့နယ် မင်းလှကျင်းကျေးရွာ တစ်ရွာတည်းကသာ ရွာလုံးကျွတ်နီးပါး နွားလှည်းများဖြင့် လာရောက်လေ့ရှိတော့ကြောင်း သိရသည်။

မင်းလှကျင်းကျေးရွာမှ မန်းရွှေစက်တော်ဘုရားသို့ နွားလှည်းဖြင့် လာရောက်ကြသူများသည် နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်နေ့တွင် ကျေးရွာမှထွက်ခွာလေ့ရှိပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့အထိ ပွဲတော်တွင်းနေထိုင်၍ ဘုရားဖူးလေ့ရှိကြောင်း၊ မင်းလှကျင်းကျေးရွာမှ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ၁၀ မိုင်အကွာအဝေးရှိပြီး လူငယ်အချို့က နွားလှည်းများနှင့်အတူ ခြေကျင်လျှောက်၍ သွားလေ့ရှိကြောင်း၊ ယခုနှစ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျေးရွာမှ စတင်ထွက်ခွာ၍ အထက်စက်တော်ရာဘုရား၏ အရှေ့တောင်ဘက် လှေတင်တံတားအောက်ဘက် မန်းချောင်းသောင်ပြင်တွင် စတည်းချလျက်ရှိကြောင်း သိရသည်။

“ဟိုးတုန်းကတော့ တပေါင်းလလာဖို့အရေးကို ပြာသိုတပို့တွဲကနေပြီးတော့ နွားစာကိုလည်း တစ်နေ့စာနွားကျွေးဖို့ထက်ကို ပိုပိုစင်းပြီးစုကြတယ်။ ဒီမှာကျွေးဖို့ရာ ပိုရအောင်ပါ။ တစ်ခါလူတွေ စားဖို့သောက်ဖို့ကြတော့လည်း ပဲစေ့ပဲဆန်တွေ မောင်းနဲ့ခွဲရတယ်။ စပါးတွေထောင်းရတယ်။ ဆန်တွေဖွပ်ပြီး စုရတယ်။ လာပြီဆိုလည်း တစ်တင်းခွဲတစ်တင်း ပါအောင်ယူတယ်။ ဒီလှည်းဝိုင်းမှာကြ ဆွေမျိုးဟုတ်ဟုတ် မဟုတ်ဟုတ် ကျွေးကြတယ်။ အလှူခံတွေလာရင် လှူကြတယ်။ စတုဒိတာလိုပဲကျွေးကြတယ်။ ဒီနေရာမှာ လှူကြရတာမြတ်တယ်လို့ အတွေးနဲ့လှူကြတယ်” ဟု ငယ်စဉ်ကတည်းက မန်းရွှေစက်တော်ဘုရားပွဲသို့ နွားလှည်းဖြင့် လာရောက်လေ့ရှိသူ အသက် ၆၄ နှစ်ရှိ ဒေါ်စမ်းမြက ပြောကြားသည်။

အသက် ၄၈ နှစ်ရှိ ဦးဖိုးရည်က “လှည်းဝိုင်းက ပျောက်ပျက်မယ့်အခြေအနေတော့ မရှိဘူး။ မသွားနိုင်လည်း သွားနိုင်အောင်ကြိုးစားပြီး လာကြမှာပါ။ ဒီကိုလာရတဲ့ ပျော်ရွှင်မှုကတော့ လူကြီးတွေအဖို့က ဘုရားဖူးရတာပါ။ ကလေးတွေကလည်း ပျော်လည်းပျော် ဘုရားလည်းဖူးရတာပါ” ဟုပြောကြားသည်။

မင်းလှကျင်းကျေးရွာမှ နွားလှည်းဖြင့် လာရောက်ကြသူများအား မန်းရွှေစက်တော်ပွဲတော်တွင်း လုပ်ငန်းရှင်များက သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းလေ့ရှိကြောင်း လှည်းများဖြင့် စခန်းချသည့်နေရာ (လှည်းဝိုင်း) တွင် ယာယီသန့်စင်ခန်းများ တည်ဆောက်ပေးသင့်သည်ဟု ဝေဖန်မှုများရှိနေကြောင်း လှည်းဝိုင်းစတင်လာရောက်သည့်နေ့တွင် ရန်ကုန်၊ မန္တလေးမြို့များက အထိဓာတ်ပုံဆရာနှင့် ပန်းချီဆရာများ လာရောက်မှတ်တမ်းတင်လေ့ရှိကြောင်း ပြည်တွင်းခရီးသွားများကပင် ထိုလှည်းဝိုင်းယဉ်ကျေးမှုကို စိတ်ဝင်စားကြသောကြောင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည်အထိ ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

Most Read

Most Recent