ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်ပြီး လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများအား မြဝတီမြို့သို့ ပြန်လည်လွှဲပြောင်း

ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်ပြီး လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများအား မြဝတီမြို့သို့ ပြန်လည်လွှဲပြောင်း
Published 1 March 2018

လူကုန်ကူးခံရသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်ပို့ဆောင်ရန် ဆောင်ရွက်နေစဉ်

ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်ပြီး လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အလုပ်သမား ကျား ၁၄ ဦး၊ မနှစ်ဦး၊ စုစုပေါင်း ၁၆ ဦးအား ထိုင်းနိုင်ငံမှတာဝန်ရှိသူများက မြန်မာနိုင်ငံ မြတီမြို့သို့ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူ အမျိုးသား အမျိုးသမီး ၁၆ ဦးတို့ကို ထိုင်းတာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက အမှတ် (၄) ရပ်ကွက်၊ ဓိဋ္ဌာန်အောင်ဘုရားလမ်းရှိ ပြန်လည်စောင့်ရှောက်ရေးဂေဟာတွင် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံဘက်မှ လာရောက်လွှဲပြောင်းပေးသည့် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၆ ဦးတို့အား မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က လာရောက်ကြိုဆိုပြီး မော်လမြိုင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က “ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၁၆ ဦးကို ထိုင်းကတာဝန်ရှိသူတွေက ဒီနေ့လာရောက်လွှဲပြောင်းပေးအပ်တာပါ။ စုစုပေါင်း ၁၆ ဦးပေါ့။ သူတို့ကို မော်လမြိုင်ကိုခေါ်သွားပြီး လူငယ်စောင့်ရှောက်ရေးဂေဟာမှာ သုံးရက်ထားမယ်။ စစ်ဆေးဆောင်ရွက်မှုတွေကို သက်ဆိုင်ရာက စိစစ်ဆောင်ရွက်ပါမယ်။ ပြီးရင်တော့ သူတို့ရဲ့နေရပ်ကို ချောမောစွာရောက်ရှိအောင် အခမဲ့ပို့ဆောင်ပေးသွားမှာပါ” ဟုဆိုသည်။

ပြန်လည်ရောက်ရှိလာသူများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မြေပုံမြို့နယ်တို့မှ အများဆုံးဖြစ်ပြီး ရေလုပ်ငန်းစက်လေများသို လူကုန်ကူးခံရသူများဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရင်း ငါးဖမ်းစက်လှေတွင် လူကုန်ကူးခံခဲ့ရသူ ကိုမောင်ချေက “ကျွန်တော်တို့ ထိုင်းကိုပွဲစားခ ဘတ် ၂၂၀၀၀ ပေးပြီး ကော့သောင်းဘက်ကနေ ဝင်ရောက်ခဲ့ပါတယ်။ ပြီးတော့ ထိုင်းငါးဖမ်းစက်လှေပေါ်မှာ တင်ပေးလိုက်ပြီး လှေပေါ်မှာ နေ့စဉ်ငါးပိုက်ဆွဲရပါတယ်။ တစ်လလောက်မှာတော့ မလေးရေလက်ကြားဘက် ငါးဖမ်းလှေအရောက်မှာ ဘယ်လိုသတင်းကြားတယ်မသိရဘူး။ ထိုင်းရေတပ်သင်္ဘောရောက်လာပြီး တာဝန်ရှိသူတွေနဲ့အတူ ကျွန်တော်တို့ကို ထိုင်းငါးဖမ်းစက်လှေပေါ်ကနေ ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံက စောင့်ရှောက်ရေးဂေဟာကို ရောက်ခဲ့ရတာဖြစ်ပါတယ်” ဟုပြောကြားသည်။

အဆိုပါအလုပ်သမားများမှာ ဂေဟာများတွင် ခြောက်လကြာနေခဲ့ရသူ၊ တစ်လကျော်ကြာ နေထိုင်စောင့်ရှောက်ထားပြီးမှ မြဝတီမြို့ကို ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ငါးဖမ်းစက်လှေများသို့ ရောင်းစားခံခဲ့ရခြင်း၊ လူကုန်ကူးခံခဲ့ရခြင်းကိုနောက်ပိုင်းမှသာ သိရှိခဲ့ရသည်ဟုဆိုသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၌ နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့ကြသည့် ဘန်ကောက်မြို့အနီး ပြောင်းစက်ရုံတွင်အလုပ်လုပ်ရင်း ယာဘက်လက်တစ်ဖက်ဆုံးရှုံးခဲ့သူ ပဲခူးမြို့မှ ရန်မျိုးအောင် (၅၀ နှစ်) အား ထိုင်းအလုပ်ရှင်မှ နစ်နာကြေး ဘတ်ငွေ ၆၀၀၀၀၀ ကိုလည်းကောင်း၊ ၎င်း၏ဇနီးဖြစ်သူ မတီပိုး (၄၆ နှစ်) အား ထိခိုက်နာကျင်မှု နစ်နာကြေး ဘတ်ငွေ ၃၀၀၀၀၀ ကိုလည်းကောင်း ထိုင်းမှတာဝန်ရှိသူများကိုယ်စား ပေးအပ်ခဲ့သည်။

လူကုန်ကူးခံရသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ထိခိုက်နာကျင်မှုအတွက် နစ်နာကြေးပေးအပ်သည့် အခမ်းအနားသို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် မစ္စတာဓဝိချာလာရဓနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။

Most Read

Most Recent