ပုသိမ်မြို့ ရွှေတွင်းတူးကျေးရွာတွင် ကျင်းပသော မြတ်ဒီပါရုံဘုရားပွဲတွင် လူငယ်တစ်စုရန်ဖြစ်နေသည်ကို သွားရောက်ဖျန်ဖြေသည့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုမှုကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ

ပုသိမ်မြို့ ရွှေတွင်းတူးကျေးရွာတွင် ကျင်းပသော မြတ်ဒီပါရုံဘုရားပွဲတွင် လူငယ်တစ်စုရန်ဖြစ်နေသည်ကို သွားရောက်ဖျန်ဖြေသည့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုမှုကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ
Published 1 March 2018

ပုသိမ်မြို့နယ် မဲဇလီကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာတွင် ကျင်းပနေသော မြတ်ဒီပါရုံဘုရားပွဲတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ နာရီခန့်က လူငယ်တစ်စု ရန်ဖြစ်နေသည်ကို သွားရောက်ဖျန်ဖြေသည့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား ရန်ဖြစ်နေသည့် လူငယ်များက ပြန်လည်ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက မိုးပေါ်သို့ သေနတ်သုံးချက်ပစ်ဖောက်ကာ လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာအဆိုပါနေ့တွင် မြတ်ဒီပါရုံဘုရားပွဲတွင် ကပြလျက်ရှိသော ဖိုးချစ်နိုင်ဇာတ်ရုံရှေ့တွင် အမည်မသိလူငယ် ၂၀ ခန့်မှာ အရက်သေစာများ သောက်စားလျက် စကားများရန်ဖြစ်နေသောကြောင့် ဘုရားပွဲတော် လုံခြုံရေးဆောင်ရွက်လျက်ရှိသော ရဲအုပ်စောတာမားစေး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်ကိုးဦး သွားရောက်ဖျန်ဖြေခဲ့ကြောင်း၊ ယင်းသို့သွားရောက်ဖျန်ဖြေရာတွင် ရန်ဖြစ်နေကြသည့် အမည်မသိလူငယ် ၂၀ အနက်မှ ခြောက်ဦးခန့်မှာ ထွက်ခွာသွားသော်လည်း ကျန်ရှိသည့်လူငယ်များက လာရောက်ဖျန်ဖြေသည့် ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုတိုက်ခိုက်ခဲ့ကြကြောင်း၊ ယင်းသို့ ရန်ပြုတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လုံခြုံရေးတာဝန်ရယူထားသည့် ရဲတပ်ဖွဲ့ဝင်များက သေနတ်အား မိုးပေါ်သို့ချိန်ကာ သုံးချက်တိတိ ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းကကွင်းနယ်မြေရဲစခန်းက (ပ) ၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဘုရားပွဲတော်တွင် မူးယစ်ရန်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များကိုပါ ပြန်လည်ရန်ပြုခဲ့သည့် ကိုဖိုးကွာစိ၊ ကိုပိစိ၊ ကိုသန်းကို၊ ကိုမိုးကျော်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပူးပေါင်းပါဝင်ခဲ့သော ကျန်ရှိသူများကိုပါ ဆက်လက်ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent