<

ဟုမ္မလင်းမြို့နယ်ရှိ သက်တမ်း ၂၀၀၀ ကျော် ရှေးဟောင်း ကင်းစေတီတော်ဘုရားပွဲ စတင်ကျင်းပ

ရှေးဟောင်း ကင်းစေတီတော်ကို ဖူးမြော်ရစဉ်

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရှိ သက်တမ်း ၂၀၀၀ ကျော် ရှေးဟောင်း ကင်းစေတီတော်ဘုရားပွဲ စတင်ကျင်းပနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် (တပေါင်းလဆန်း ၁၃ ရက်နေ့) မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၉ ရက် (တပေါင်းလပြည့်နေ့) အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကင်းစေတီတော်ကို သီရိဓမ္မာသောက မင်းကြီးလက်ထက် အရှင်မဟာသောဘဏမထေရ်မှ စတင်တည်ထားခဲ့သည်ဟု စေတီတော်သမိုင်းကျောက်စာတွင် ဖော်ပြထားပြီး မိုးကောင်းမင်းလက်ထက်တွင် ကသည်းလူမျိုးများအား တိုက်ထုတ်ရန် တည်ထားခဲ့သော ကင်းရွာများအားအစွဲပြု၍ ကင်းစေတီတော်ဟု အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း ကင်းစေတီတော်ဂေါပက ဥက္ကဋ္ဌ ဦးစိုင်းတင့်လွင်က ပြောကြားသည်။

“ဒီဒေသခံ ရှမ်းနီလူမျိုးတွေက သာကီဝင်မင်းမျိုးတွေကို ပျူယမ်းယံလို့ခေါ်ကြတယ်။ ဆရာတော် အရှင်မဟာသောဘဏမထေရ်နဲ့ သာကီဝင်မင်းမျိုး ဦးဆောင်ပြီးတည်ခဲ့တဲ့ စေတီတော်ဖြစ်လို့ ပျူကမ်းယံစေတီလို့ ခေါ်ခဲ့ကြတယ်။ ကမ်းစေတီပေါ့။ နောက်ပိုင်းတော့ မိုးကောင်းမင်းကြီးလက်ထက်မှာ မဏိပူရအာသံဘက်က ကသည်းလူမျိုးတွေက ဒီဘက်နယ်မြေတွေကို ကျူးကျော်လာတဲ့အခါ သူတို့ကိုပြန်တိုက်ဖို့ ဒီနယ်မြေမှာအုပ်ချုပ်တဲ့ စော်ဘွားတွေက တောင်ကင်း မြောက်ကင်းတွေ လာချကြတယ်။ ဥရုမြစ်ဘေး ၀ဲယာတစ်လျှောက်က ရွာတွေက မြောက်ကင်းအုပ်စုတွေဖြစ်တယ်။ အဲဒီကင်းရွာတွေကိုအစွဲပြုပြီး ကမ်းစေတီကနေ တဖြည်းဖြည်း ကင်းစေတီဖြစ်လာတယ်” ဟု ဦးစိုင်းတင့်လွင်က ပြောကြားသည်။

ကင်းစေတီတော်တွင် ရှေးယခင်က စေတီအရံအဆူပေါင်း ၃၂၅ ဆူရှိခဲ့ကြောင်းနှင့် နှစ်ကာလကြာမြင့်မှုကြောင့် အချို့စေတီတော်များ ပျက်စီးသွားသဖြင့် ယခုအခါ အရံစေတီပေါင်း ၂၆၃ ဆူသာကျန်ရှိတော့ကြောင်း သိရသည်။

ကင်းစေတီတော်ပွဲတော်ကို ခေတ်အခြေအနေများအရ မကျင်းပနိုင်ခဲ့သည်မှာ ၂၇ နှစ်ကြာမြင့်ခဲ့ပြီး ယခုနှစ်မှ ပြန်လည်စတင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကာ နောက်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

February 28, 2018














Copy Protected by Chetan's WP-Copyprotect.