အင်းတော်ကြီးဘုရားပွဲ ကာလအတွင်း စက်လှေတိမ်းမှောက်မှုဖြစ်စဉ်ကို သင်ခန်းစာယူ၍ နောင်နှစ်များတွင် ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အင်းတော်ကြီးဘုရားပွဲ ကာလအတွင်း စက်လှေတိမ်းမှောက်မှုဖြစ်စဉ်ကို သင်ခန်းစာယူ၍ နောင်နှစ်များတွင် ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 1 March 2018

အင်းတော်ကြီးဘုရားပွဲတော် ကာလအတွင်း ဘုရားဖူးလာရောက်ကြသူများအား တွေ့ရစဉ်

အင်းတော်ကြီးဘုရားပွဲကာလအတွင်း စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို သင်ခန်းစာယူကာ နောင်နှစ်များတွင် ထိုသို့မဖြစ်ပွားရန် ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မိုးညှင်းမဲဆန္ဒနယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

တပေါင်းလဆန်း ၈ ရက်မှ တပေါင်းလပြည့်နေ့အထိ ကျင်းပလျက်ရှိသည့် ယခုနှစ် အင်းတော်ကြီးဘုရားပွဲတော်တွင် လိုအပ်ချက်များရှိနေခဲ့ပြီး ဘုရားပွဲတော်ကာလအတွင်း တရားဝင်ပြေးဆွဲလျက်ရှိသည့် စက်လှေများတွင် အသက်ကယ်အင်္ကျီမပါရှိခြင်း၊ လှေနှင့်ဝန်မမျှဘဲတင်ဆောင်ခြင်း အစရှိသည့် ဘုရားဖူးများ ဘေးအန္တရာယ်ကင်းရှင်းရေးအပိုင်းတွင် အားနည်းမှုများရှိခဲ့ကြောင်း ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

“အဓိကကတော့ စက်လှေတွေဟာ လှေနဲ့ဝန်မမျှဘဲ တင်တာပါပဲ။ စက်လှေက သေးသေး လူကများများ အဲ့ဒီလိုမတန်တဆတင်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုသေဆုံးသွားတဲ့ ကလေးတွေဆိုရင် အင်းဘေးနားက ကလေးတွေဖြစ်တဲ့အတွက် သူတို့တွေဟာ အနည်းဆုံး ရေကူးတတ်တဲ့ကလေးတွေချည်းပဲ။ လှိုင်းနဲ့လေနဲ့ကြောင့်မို့လို့ အဲဒီလိုဖြစ်သွားတဲ့ သဘောရှိပါတယ်။ ရုတ်တရက်ဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးပေါ့နော်။ ဧည့်သည်တွေအတွက်ဆိုရင် လိုက်ဖ်ဂျတ်ကတ်တွေရှိဖို့ လိုပါတယ်။ တချို့စက်လှေတွေမှာတော့ ရှိတာပေါ့နော်။ အဲဒါတွေလည်းပဲ စက်လှေတိုင်းမှာ ရှိဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ရပြီ။ ရေကူးတတ်ခြင်း၊ မကူးတတ်ခြင်းနဲ့မဆိုင်ဘူး။ အဲဒီလို လိုက်ဖ်ဂျက်ကတ်တွေ စက်လှေတိုင်းမှာ ရှိဖို့လိုတယ်။ နောက်တစ်ချက်က လှေနဲ့ဝန်မျှအောင်တင်ရမယ်။ ပိုပြီးတင်တဲ့အခါကျတော့ လှိုင်းနဲ့လေနဲ့ဖြစ်တဲ့အခါမှာ မှောက်နိုင်တယ်လေ။ အဲ့ဒီမှာ လူမှုကူညီရေးအသင်းတွေ၊ ကားတွေ၊ လူတွေလည်း အရန်သင့်ရှိပါတယ်။ ရှိပေမယ့်လည်း ပွဲခင်းလောက်မှာပဲ ရှိပါတယ်။ ကျန်တဲ့နေရာဖြစ်ခဲ့ရင် အင်းကလည်း အကျယ်ကြီးဆိုတော့ နည်းနည်းတော့ ခက်ခဲတာပေါ့။ ဒီအားနည်းချက်တွေနဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိတာကတော့ ပွဲတော်ကျင်းပရေးကော်မတီပေါ့ဗျာ။ နောက်ဆိုရင် အဲဒီကော်မတီအောက်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆပ်ကော်မတီတစ်ခုလောက် ဒီလိုစီမံဖို့လိုပါတယ်။ နောက်နှစ်တွေဆိုရင်တော့ ဒီလိုမဖြစ်အောင် ကြပ်မတ်သွားဖို့ရှိပါတယ်။ ဒီနှစ်မှာလည်း ကြိုတင်ပြီးတော့မှ အစည်းအဝေးတော့ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့ပေမယ့်လို့ စည်းကမ်းကြပ်မတ်မှုအပိုင်းမှာ လိုသွားတဲ့အပိုင်းတွေ ရှိတာပေါ့ဗျာ။ နောက်နှစ်မှာတော့ ဒါကသင်ခန်းစာပဲလေ။ နောက်နှစ်မှာတော့ ဒါမျိုးကို ကျွန်တော်တို့ ကောင်းကောင်းကြပ်မတ်ရမယ်။ စက်လှေအဖွဲ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါမယ်” ဟု မိုးညှင်းမဲဆန္ဒနယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင်အင်းတော်ကြီးဒေသတွင် ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းက လုံးစန့်ကျေးရွာ အထက (ခွဲ) မှ ဆရာမနှင့် ကျောင်းသားကျောင်းသူများပါဝင်သည့် ဘုရားဖူးစက်လှေတစ်စင်းမှာ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ ဘုရားဖူးပြီး နန့်မီးလောင်ဘုရားမှ ကျေးရွာဘက်သို့အပြန်တွင် အင်းလယ်အတွင်း လေထန်လာမှုကြောင့် ကမ်းဘက်သို့ ပြန်လှည့်စဉ် စက်လှေအတွင်းရေဝင်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဋ္ဌမတန်းကျောင်းသားကျောင်းသူ ရှစ်ဦးနှင့် စက်လှေဆရာ၏ သမီးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

“အင်းတော်ကြီးဘုရားပွဲဆိုတာ နှစ်စဉ် နှစ်တိုင်း ကျင်းပနေတာပါ။ နိုင်ငံအနှံ့အပြားက ဘုရားဖူးတွေက တစ်နှစ်ထက်တစ်နှစ် များပြားပါတယ်။ ရေပြင်ကျယ်အင်းကြီးဖြစ်တာနဲ့အညီ မိသားစုလိုက်၊ အုပ်စုလိုက် စက်လှေအပျော်စီးကြတာ ဘုရားဖူးကြတာရှိပါတယ်။ ဒါပေမဲ့ ဒီလိုစက်လှေစီးတဲ့အခါမှာ လိုက်ဖ်ဂျက်ကတ် အသက်ကယ်ဝတ်စုံတွေမရှိတာ၊ လူဦးရေကန့်သတ်မထားတာတွေ တွေ့ရပါတယ်။ ဘုရားဖူးခရီးသည်တွေ သွားလာနေထိုင်တဲ့အခါ အန္တရာယ်ကင်းရှင်းဖို့၊ မီးဘေး၊ ရေဘေးကြုံတဲ့အခါ အချိန်နဲ့တစ်ပြေးညီ ကယ်ဆယ်ရေးတွေလုပ်နိုင်ဖို့ ကြိုတင်အစီအမံတွေ ဆောင်ရွက်ထားတာ အင်မတန်အားနည်းပါတယ်။ ပွဲတော်ကျင်းပရေးကော်မတီအနေနဲ့ အမြော်အမြင်ကြီးကြီးနဲ့ ကြိုတင်ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်သင့်ပါတယ်” ဟု ဘုရားဖူးခရီးသည်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent