အညာဒေသ၏ ထင်ရှားသည့်ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် သမိုင်းဝင်ရွှေစာရံဘုရား ဗုဒ္ဓပူဇနိယပွဲတော် ယနေ့စတင်မည်

အညာဒေသ၏ ထင်ရှားသည့်ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် သမိုင်းဝင်ရွှေစာရံဘုရား ဗုဒ္ဓပူဇနိယပွဲတော် ယနေ့စတင်မည်
Published 1 March 2018

ယခုနှစ် ရွှေစာရံဘုရားပွဲတော် မကျင်းပမီမြင်ကွင်း

အထက်အညာဒေသ၏ ထင်ရှားသည့် ဘုရားပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် သမိုင်းဝင်ရွှေစာရံဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလပြည့်နေ့ (ယနေ့) မှစတင်ကာ တပေါင်းလပြည့်ကျော် ၉ ရက် (မတ် ၁၀) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာရှိ သမိုင်းဝင်ရွှေစာရံဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့မှစတင်ကာ တပေါင်းလပြည့်ကျော် ၉ ရက်အထိ ပွဲတော်ကို ၁၀ ရက်ကြာ အစဉ်အလာမပျက် ကျင်းပလေ့ရှိကြောင်း သိရသည်။ အဆိုပါ ရွှေစာရံဘုရားပွဲတော်မစတင်မီ ရက်ပိုင်းအတွင်းကပင် ရွှေစာရံဘုရားပွဲတော် အထိမ်းအမှတ်ပစ္စည်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ထန်းရွက်ပုတီးရောင်းချသည့် ဈေးသည်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသထွက်ပစ္စည်းရောင်းချသည့် ဈေးသည်များ၊ တောင်သူသုံးပစ္စည်း အရောင်းဆိုင်များ၊ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ဘုရားပွဲမစခင် တစ်ပတ်လောက်အလိုကတည်းက ကြိုပြီးတော့ အရောက်လာရတယ်။ နှစ်စဉ်ဘုရားပွဲရက်တွေမှာ မိုးလေမဆော့ဘူးဆိုရင်တော့ ဈေးရောင်းရတာ အဆင်ပြေပါတယ်။ ရွှေစာရံဘုရားပွဲကလည်း စည်ကားတဲ့ပွဲတော်တစ်ခု ဖြစ်တာလည်းပါတာပေါ့။ ဒီနှစ်မှာလည်း ဘုရားပွဲမစခင်ကတည်းက စည်ကားနေပြီ။ အထူးသဖြင့် ရုံးပိတ်ရက်တွေမှာ လာရောက်သူတွေ များပါတယ်” ဟု ညောင်ဝန်းကျေးရွာမှ ထန်းရွက်ပုတီးနှင့် ထန်းရွက်ဖြင့်ပြုလုပ်သည့် ရိုးရာလက်မှုပစ္စည်းများကို လာရောက်ရောင်းချသူ ကိုဇော်ဝင်းထွန်းက ပြောကြားသည်။

ရွှေစာရံဘုရားပွဲတော် အထိမ်းအမှတ်ပစ္စည်းတစ်ခုဖြစ်သည့် ထန်းရွက်ပုတီးနှင့် ထန်းရွက်ဖြင့်ပြုလုပ်သည့် ရိုးရာလက်မှုပစ္စည်းများ လာရောက်ရောင်းချနေသည့် ဈေးသည်များမှာ ကုန်ကြမ်းပစ္စည်းရှားပါးလာသဖြင့် ထန်းရွက်ပုတီးလုပ်ကိုင်ရာတွင် အခက်အခဲများရှိကြောင်း ထန်းရွက်ပုတီး ပြုလုပ်ရောင်းချနေသည့် ဈေးသည်များထံမှ သိရသည်။ သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်သို့ လာရောက်ရောင်းချနေသည့် ထန်းရွက်ပုတီးအပါအဝင် ထန်းရွက်နှင့်ပြုလုပ်သည့် လက်မှုပစ္စည်းများကို ကျောက်ဆည်မြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် အဓိကပြုလုပ်ကြပြီးနောက် ဘုရားပွဲတော်သို့ လာရောက်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

သမိုင်းဝင်ရွှေစာရံဘုရားပွဲတော်သို့ ထန်းရွက်ပုတီးနှင့် ထန်းရွက်ဖြင့် ပြုလုပ်ရောင်းချသည့် လက်မှုပစ္စည်းများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းထွက် ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးရွက်များ၊ ဒေသထွက်မုန့်နှင့် ထုတ်ကုန်ပစ္စည်းများ၊ အညာဒေသ ထုတ်ကုန်ပစ္စည်းများ၊ တောင်သူသုံးပစ္စည်းများ အစရှိသည့် ကုန်ပစ္စည်းမျိုးစုံ လာရောက်ရောင်းချကြကြောင်း သိရသည်။ ရွှေစာရံဘုရားပွဲတော်သို့ လာရောက်လည်ပတ်ကြသူများမှာ ပွဲတော်အတွင်း ခင်းကျင်းရောင်းချသည့် ထန်းရွက်ပုတီးများ ဝယ်ယူခြင်း၊ ဒုဌဝတီမြစ်အတွင်း ရေချိုးခြင်း၊ အပျော်စက်လှေစီး၍ လည်ပတ်ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

သမိုင်းဝင်ရွှေစာရံဘုရားကို ပုဂံခေတ် အနော်ရထာမင်း၏ မိဖုရားစောမွန်လှက ၎င်း၏နေရပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အပြန်လမ်းခရီးတွင် သစ္စာအဓိဋ္ဌာန်ပြု၍ တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင်စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent