ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ကိုးကြိမ်မြောက် ဆက်လက်ရုံးထုတ်ပြီး မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေးမှုနှင့် အစိုးရလျှို့ဝှက်မှုတို့မှ တရားလိုပြသက်သေတစ်ဦးအား စစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ကိုးကြိမ်မြောက် ဆက်လက်ရုံးထုတ်ပြီး မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေးမှုနှင့် အစိုးရလျှို့ဝှက်မှုတို့မှ တရားလိုပြသက်သေတစ်ဦးအား စစ်ဆေး
Published 1 March 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ကိုးကြိမ်မြောက် ဆက်လက်ရုံးထုတ်ပြီး မူးယစ်မှု၊ လက်နက်မှု၊ ဆက်သွယ်ရေးမှုနှင့် အစိုးရလျှို့ဝှက်မှုတို့မှ တရားလိုပြသက်သေ ရဲအုပ်စိုင်းအောင်စိုးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ လေးဦးစစ်ဆေးရန် ချိန်းဆိုထားသော်လည်း ရဲအုပ်စိုင်းအောင်စိုးတစ်ဦးသာ လာရောက်သည့်အတွက် ၎င်းနှင့်သက်ဆိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာပုဒ်မ၊ လက်နက်အက်ဥပဒေပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မတို့အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၉ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေများဖြစ်သည့် ဒုရဲအုပ်ဝေယံအောင်၊ ရဲအုပ်စိုးလွင်ဦး၊ ဗိုလ်ကြီးစိုးဇင်နှင့် ရဲအုပ်ကျော်စိုးဝင်းတို့အား စစ်ဆေးရန်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ ရုံးထုတ်တွင် တရားလိုပြသက်သေတစ်ဦးသာ လာရောက်သည့်အတွက် လာမည့်ရုံးချိန်းများတွင် ချိန်းဆိုထားသည့် သက်သေများ လာရောက်ရန် ဒက္ခိဏခရိုင်တရားသူကြီးက ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများကို ဖေဖော်ဝါရီ ၂၁ ရက် ရုံးထုတ်ရာတွင် တရားလိုပြသက်သေလေးဦးအား ဆင့်ခေါ်ထားသော်လည်း သက်သေတစ်ဦးသာ လာရောက်သည့်အတွက် လာမည့်ရုံးချိန်းများတွင် ချိန်းဆိုထားသည့်သက်သေများ လာရောက်နိုင်ခြင်းမရှိပါက အစားထိုးသက်သေတင်နိုင်ကြောင်း၊ အဆိုပါအမှုများအတွက် သက်သေအများအပြား စစ်ဆေးရမည်ဖြစ်ကြောင်း ခရိုင်တရားသူကြီး ဦးလှဝင်းက တရားခွင်တွင် ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းပါများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ရဲစခန်းများက လက်နက်အက်ဥပဒေပုဒ်မ ၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၀၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉-က/၁၉ (စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ၇၊ လက်နက်အက်ဥပဒေ ၉ (စ)/၁၉ (က) နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံးရုံးထုတ်စဉ်က တရားစွဲဆိုထားသည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက်တရားစွဲဆိုထားသည်။

Most Read

Most Recent