ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အား တင်ဒါအောင်ကုမ္ပဏီက အဆင့်မြှင့်မည်ဖြစ်ပြီး ကျန်ရှိသည်များကို စည်ပင်ဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အား တင်ဒါအောင်ကုမ္ပဏီက အဆင့်မြှင့်မည်ဖြစ်ပြီး ကျန်ရှိသည်များကို စည်ပင်ဆောင်ရွက်မည်
Published 1 March 2018

ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အား တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီမှ မကြာမီအချိန်တွင် အဆင့်မြှင့်တင်မည်ဖြစ်ပြီး အဆင့်မြှင့်တင်ရန် ကျန်ရှိသည့် မှတ်တိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး (နဝမနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

အဆိုပါကိစ္စအား လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ်အတွင်း အင်းစိန်လမ်းမပေါ်နှင့် ဗဟိုလမ်းမပေါ်ရှိ ကားမှတ်တိုင်များတွင် အမိုးအကာနှင့် ထိုင်စရာပါရှိသောမှတ်တိုင်များ အမြန်ဆုံးပြုလုပ်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့မှာရှိတဲ့ မှတ်တိုင်များအဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်မြစ်လမ်း၊ လမ်းသစ်လမ်း၊ ပြည်လမ်းအတိုင်း ရှစ်မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ ကမ်းနားလမ်းဧရိယာအတွင်းရှိ မှတ်တိုင်ပေါင်း ၅၀၀ အား အဆင့်မြှင့်တင်နိုင်ရန်အတွက် JCDecaux Company မှ တင်ဒါအောင်မြင်ထားပြီးဖြစ်ပြီး အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ထိုမှတ်တိုင်များမှာမပါရှိတဲ့ ကျန်ရှိသောယာဉ်ရပ် မှတ်တိုင်များကိုလည်း ခရီးသွားပြည်သူများ အထောက်အကူပြုရန် ခေတ်မီမှတ်တိုင်များအဖြစ် ပြောင်းလဲတည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်အတွင်း ယာဉ်ရပ်မှတ်တိုင် အတော်များများမှာ အမိုးအကာ၊ ထိုင်စရာအခက်အခဲများရှိပါတယ်။ သို့သော်လည်း ပလက်ဖောင်းတွေရဲ့ အကျယ်အဝန်းရဲ့ မှတ်တိုင်လုပ်ပေးရမယ့် နေရာအကျယ်အဝန်းတွေကို လေ့လာစိစစ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ရေးအတွက် စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သော ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုကို ပြောင်းလဲဖော်ဆောင်ချိန်တွင် ယာဉ်ရပ်နားစခန်းများ၊ ယာဉ်ရပ်မှတ်တိုင်များ၊ လမ်းများ စသည့်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်အား ပြောင်းလဲခဲ့သည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း တိုးတက်မှုမှာ အနည်းငယ်သာရှိသေးကြောင်း ရန်ကုန်မြို့တွင်း ခရီးသွားလာသူများ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent