လွိုင်ကော်-ရှားတော ကားလမ်းမနံဘေး လျှိုထဲတွင် မီးရှို့အလောင်းဖျောက်ထားသော လူသတ်မှုဖြစ်စဉ်မှ ပါဝင်သည်ဟုယူဆရသူအား ဖမ်းဆီးရမိ

လွိုင်ကော်-ရှားတော ကားလမ်းမနံဘေး လျှိုထဲတွင် မီးရှို့အလောင်းဖျောက်ထားသော လူသတ်မှုဖြစ်စဉ်မှ ပါဝင်သည်ဟုယူဆရသူအား ဖမ်းဆီးရမိ
Published 1 March 2018

မီးရှို့အလောင်းဖျောက်ထားသော လူသတ်မှုဖြစ်စဉ်မှ ပါဝင်သူဟု ယူဆရသူအား ဖမ်းဆီးခေါ်ဆောင်လာစဉ်

လွိုင်ကော်မြို့နှင့် ၁၁ မိုင်ကျော်ခန့်ဝေးသော ပါလောင်းကျေးရွာအနီးရှိ လွိုင်ကော်- ရှားတော လမ်းမနံဘေးလျှိုထဲတွင် မီးရှို့အလောင်းဖျောက်ထားသော လူသတ်မှုဖြစ်စဉ်မှ ပါဝင်သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

သံသယတရားခံဖြစ်သော သေဆုံးသူ မဇင်မာထွေး၏ခင်ပွန်း ဖိုးလပြည့် (ခ) သပြေအောင်၏ညီအရင်း မောင်ကောင်း (ခ) အောင်ကောင်းစံဝင်းဆိုသူအား ၎င်းနေထိုင်ရာ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဇလုတ်ကြီးကျေးရွာတွင် လွိုင်ကော်ခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့က သွားရောက်ဖမ်းဆီး၍ လွိုင်ကော်မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ကောင်း၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၅ ရက်တွင် အစ်ကိုဖြစ်သူ သပြေအောင်က လွိုင်ကော်တွင် အရေးကြီးကိစ္စရှိသဖြင့် ဖုန်းဆက်ခေါ်ရာ ဖေဖော်ဝါရီ ၇ ရက်နံနက်တွင် လွိုင်ကော်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မောင်ကောင်းအား အစ်ကိုဖြစ်သူက သင်္ဂဟဟိုတယ်တွင် တည်းခိုနေထိုင်စေပြီး ဖေဖော်ဝါရီ ၈ ရက်နံနက်တွင် ၎င်းကဗိုက်ဆာသဖြင့် အပြင်ထွက်မည်ဟု အစ်ကိုဖြစ်သူအား ဖုန်းဆက်ရာ အပြင်သို့မထွက်ရန် အစ်ကိုဖြစ်သူက ပြောဆိုခဲ့ကြောင်း၊ နံနက် ၁၁ နာရီခွဲခန့်တွင် အစ်ကိုဖြစ်သူက ထမင်းဟင်းများ ယူဆောင်ပေးလာသဖြင့် တည်းခိုရာအိပ်ခန်းအတွင်း စားသောက်ခဲ့ရကြောင်း၊ လိုအပ်လျှင် ဖုန်းခေါ်မည်ဟုပြောကာ ပြန်ထွက်သွားကြောင်း သိရသည်။

ထိုနေ့ မွန်းလွဲ ၁ နာရီခန့်တွင် အစ်ကိုဖြစ်သူက တည်းခိုခန်းသို့ရောက်လာပြီး မောင်ကောင်းအား မောင်းနှင်လာသော ကားအဖြူ၏ အနောက်ခန်းတွင် လဲလျောင်းလိုက်ပါရန်ပြောဆိုပြီး အနက်ရောင်ကူရှင်ဖြင့်အုပ်၍ လိုက်ပါခဲ့ရကြောင်း၊ အစ်ကိုဖြစ်သူနေအိမ်သို့ရောက်ရာ မရီးဖြစ်သူ မဇင်မာထွေးအား မေးမြန်းရာမရှိကြောင်း ပြောဆိုပြီး အိပ်ခန်းတွင်းသို့ အရေးကြီးသည်ဟု ပြောဆိုခေါ်ဆောင်ခဲ့သဖြင့် ခုတင်ကြားရှိ တိပ်ပတ်ထားသော ပလတ်စတစ်အပြာရောင်ပုံးတစ်ပုံးနှင့် အဖြူရောင်ဆာလာအိတ်နှစ်လုံးကိုတွေ့ရာ အစ်ကိုဖြစ်သူမှ ဆာလာအိတ်များအား ကားပေါ်တင်စဉ် မောင်ကောင်းမှ ညှီစို့စို့အပုပ်နံ့ရသဖြင့် အခန်းတွင်း လူသေထားတာရှိသလားဟုမေးရာ နောင်မှအကြောင်းစုံ ပြောပြမည်ဟု ပြောဆိုကြောင်း၊ မီးဖိုချောင်ရှိ ဓာတ်ဆီနံ့ရ အဝါရောင်ပုံးနှစ်ပုံးကိုလည်း ကားပေါ်တင်ဆောင်လာရကြောင်း သိရသည်။

ညနေ ၃ နာရီခန့်တွင် မြို့အပြင် လမ်းမကြီးဘက်သို့ ကားမောင်းထွက်လာရာ ချောက်ကမ်းပါးရှိသော နေရာတစ်နေရာအရောက်တွင် အစ်ကိုဖြစ်သူနှင့် မောင်ကောင်းတို့က ဓာတ်ဆီပုံးတစ်ပုံးစီ သယ်ဆောင်၍ ချောက်ကမ်းပါးနားချထားကြောင်း၊ ထို့နောက် ကားနောက်ခန်းအတွင်းရှိ ပလတ်စတစ်အပြာရောင်ပုံးအား သယ်ဆောင်လာပြီး မြေပြင်သို့ပစ်ချရာ အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြောင်း၊ အလောင်းမှာ အစ်ကိုဖြစ်သူ၏ဇနီး မဇင်မာထွေးဖြစ်နေသဖြင့် မေးမြန်းရာ အစ်ကိုဖြစ်သူက နောက်မှပြောပြမည်ဟုဆိုကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

ထို့နောက် အလောင်းအား ယူဆောင်သွားသော ဓာတ်ဆီများဖြင့်လောင်းပြီး မီးရှို့ဖျောက်ဖျက်၍ ညီအစ်ကိုနှစ်ဦးမှာ လွိုင်ကော်မြို့သို့ ပြန်လာပြီးနောက် ညီဖြစ်သူ မောင်ကောင်းက နေရပ်သို့ပြန်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်အလောင်း မီးရှို့ဖျောက်ဖျက်သူ မဇင်မာထွေး၏ ခင်ပွန်းဖြစ်သူ အောင်သပြေအား ဖမ်းဆီးရမိရန်အတွက် ၎င်းသွားလာတတ်သောနေရာများရှိ ရဲစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်သေအတည်ပြုနိုင်ရန် ကျူးလွန်ခဲ့သည့်နေရာများကို မှတ်တမ်းများရယူခဲ့ကြောင်း သိရသည်။ အသတ်ခံရပြီး မီးရှို့အလောင်းဖျောက်ထားသည့် အမျိုးသမီး၏အလောင်းကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent