ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို (၈) ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ စားသောက်ဆိုင်ပိုင်ရှင်နှင့် ဖမ်းဆီးရာတွင်ပါဝင်သည့် ရာအိမ်မှူးတို့အား စစ်ဆေး

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို (၈) ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ စားသောက်ဆိုင်ပိုင်ရှင်နှင့် ဖမ်းဆီးရာတွင်ပါဝင်သည့် ရာအိမ်မှူးတို့အား စစ်ဆေး
Published 1 March 2018

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံထားရသော မြန်မာသတင်းထောက်နှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် ဖေဖော်ဝါရီ ၂၈ ရက်က (၈) ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် တရားလိုပြသက်သေ စားသောက်ဆိုင်ပိုင်ရှင်နှင့် ရှာဖွေဖမ်းဆီးရာတွင် ပါဝင်သည့် ရာအိမ်မှူးတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့မှာ ရဲအရာရှိနှစ်ဦးနှင့်ထိုင်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေးနှင့် ရှာဖွေဖမ်းဆီးရာတွင် သက်သေအဖြစ်ပါဝင်သော ရာအိမ်မှူးဦးကျော်ရှိန် တို့ကို စစ်မေးခြင်းဖြစ်ပြီး ယခင်သက်သေများနှင့်မတူသော ကွဲလွဲချက်အချို့ ထွက်ဆိုခဲ့ကြောင်း စွပ်စွဲခံရသူသတင်းထောက်နှစ်ဦး ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

“ဒီနေ့စစ်တာက ဝလုံးတို့ထိုင်ခဲ့တယ်ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ ရှာဖွေတဲ့နေရာမှာပါတယ်ဆိုတဲ့ ရာအိမ်မှူး ဦးကျော်ရှိန်ကိုစစ်တယ်။ စစ်တဲ့အထဲမှာ အရင်သက်သေတွေနဲ့မတူတဲ့ ကွဲလွဲချက်တွေထွက်လာတယ်။ သက်သေဦးကျော်ရှိန်က ပြောသွားတာက သတင်းထောက်တွေက ဘယ်ဘက်လာသလဲဆိုရင် နီလာလမ်းအတွင်းလမ်းကနေ အမှတ် (၃) ဘက်ကို လျှောက်လာတယ်ဆိုတဲ့ ထွက်ဆိုချက်မျိုး ထွက်သွားတယ်။ နောက်တစ်ခါ သတင်းထောက်တွေကို ဖမ်းတဲ့အခါမှာ အရပ်ဝတ်ရဲတွေ ၁၀ ယောက်လောက် ပါတယ်ဆိုတဲ့ဟာကို ထွက်ဆိုသွားတယ်။ နောက်တစ်ခုအရေးကြီးတဲ့ဟာက ဒုတပ်ကြပ်နိုင်လင်းက စားသောက်ဆိုင်ထဲက ထွက်တာဘယ်အချိန်မှာသိလဲဆိုရင် ၉ နာရီလောက်မှာ သူသိတဲ့ဟာကို ထွက်သွားတယ်။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ဖမ်းဆီးရေးအဖွဲ့က ဒီစာရွက်စာတမ်းပေးသွားတယ်ဆိုတဲ့ ဒုတပ်ကြပ်နိုင်လင်းနဲ့ အချိတ်အဆက်ရှိထားတယ်။ ဆိုင်ကနေ ဘယ်အချိန်ထွက်မယ်၊ ဘယ်အချိန်မှာ ဖမ်းမယ်ဆိုတာ ကြိုသိထားတဲ့သဘောတွေ ပါတာပေါ့နော်” ဟု ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

ယင်းကဲ့သို့ တရားလိုပြသက်သေ ရာအိမ်မှူးအနေဖြင့် တရားရုံးသို့ လာရောက်ထွက်ဆိုရာတွင် အချက်အလက်အချို့ကို လက်ဖဝါးတွင်ရေးသား၍ ထွက်ဆိုခဲ့ပြီး ၎င်းထွက်ဆိုသော အရပ်ဝတ်များဖြင့် ဖမ်းဆီးခဲ့သည်ဆိုသည့်အချက်သည် ယခင်သက်သေများထွက်ဆိုခဲ့သော ရဲတပ်ဖွဲ့ဝတ်စုံများဖြင့် ဖမ်းဆီးသည်ဟုအချက်နှင့် ကွဲလွဲကြောင်း၊ အရပ်ဝတ်များဖြင့် ဖမ်းဆီးသည်ဟူသောအချက်သည် သတင်းထောက်ကိုဝလုံး၊ ကိုမိုးအောင်တို့ ပြောကြားချက်နှင့်လည်း တူညီကြောင်း ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

ဖမ်းဆီးခံသတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးက “တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿာနာတွေကို ဖြေရှင်းဖို့ဆိုရင် ကျွန်တော်တို့အဓိကယုံကြည်တာက အစိုးရအနေနဲ့ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရဖို့လိုပါတယ်။ အဲဒီတော့ တကယ်ပဋိပက္ခဖြစ်တဲ့ ရခိုင်ပြည်နယ်အပါအဝင် အခြားဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့မီဒီယာသမားတွေ လွတ်လွတ်လပ်လပ် သွားခွင့်လာခွင့်၊ သတင်းရယူခွင့်၊ ရေးသားဖော်ပြခွင့်တွေ အများကြီးလိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒီလိုရင်ဆိုင်နေရတဲ့အချိန်မှာ ကျွန်တော်တို့ အချိန်တွေအများကြီး အကျဉ်းထောင်ထဲမှာ ဖြုန်းတီးနေရပါတယ်” ဟု တရားရုံးချိန်းအပြီးတွင် မီဒီယာများသို့ ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ရုံးချိန်းကို မတ် ၇ ရက်သို့ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း၊ စစ်ဆေးပြီးသော တရားလိုပြသက်သေ ရှစ်ဦးရှိပြီဖြစ်ကြောင်းနှင့် စစ်ဆေးရမည့် တရားလိုပြသက်သေ ၂၅ ဦးရှိကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက်များဖြစ်သည့် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent