ရန်ကုန်တိုင်းအတွင်းရှိ လမ်းမီးများတပ်ဆင်ခြင်း၊ လဲလှယ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာက လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို တာဝန်ပေးအပ်ရန် ညှိနှိုင်းနေဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ လမ်းမီးများတပ်ဆင်ခြင်း၊ လဲလှယ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာက လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို တာဝန်ပေးအပ်ရန် ညှိနှိုင်းနေဟုဆို
Published 1 March 2018

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ လမ်းမီးတိုင်အချို့ကို အသစ်လဲလှယ်ပြုပြင်နေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမီးများတပ်ဆင်ခြင်း၊ လဲလှယ်ခြင်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို တာဝန်ပေးအပ်ရန် ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေး (နဝမနေ့) တွင်ပြောကြားသည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လမ်းမီးများလင်းရေး ဆောင်ရွက်ရာတွင် YESC၊ YCDC ဌာနနှစ်ခုတို့နှင့် လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနတစ်ခုတည်းမှသာ ထိရောက်စွာ ဆောင်ရွက်နိုင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ” လွှတ်တော်၌ မေးမြန်းမှုနှင့်ပတ်သက်၍ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လမ်းမီးလုံး တပ်ဆင်လဲလှယ်ဖို့အတွက် မြို့နယ်အဆင့်ကို တာဝန်မပေးဘဲ စည်ပင်သာယာရေးကော်မတီကသာ တာဝန်ယူ ဆောင်ရွက်နေရတဲ့အတွက် မြို့နယ်မှခရိုင်မှ စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် တင်ပြနေရတဲ့အတွက် ဒါတွေကကြန့်ကြာနေတာဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ကြီးနဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ညှိနှိုင်းပြီးတော့ လမ်းမီးထွန်းညှိလုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ တာဝန်ပေးအပ်သွားဖို့ ညှိနှိုင်းနေကြပါတယ်။ ညှိနှိုင်းဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေပြီးတော့ မြို့နယ်အဆင့် စည်ပင်သာယာရေးကို လမ်းမီးလဲလှယ်ဖို့အတွက်ကို တာဝန်ပေးအပ်ပြီးတော့ ဆောင်ရွက်သွားပါမယ်” ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများနှင့် လမ်းများတွင် လမ်းမီးကြိုးသွယ်တန်းခြင်း၊ လမ်းမီးများ လျှပ်စစ်ဓာတ်အားပေးခြင်း၊ ဓာတ်တိုင်စိုက်ထူခြင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တာဝန်ယူဆောင်ရွက်လျက်ပြီး လမ်းမီးလုံးတပ်ဆင်ခြင်း၊ လဲလှယ်ခြင်း၊ လမ်းမီးခပေးဆောင်ခြင်းကို မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent