အသစ်ပြန်လည်ရေးဆွဲထားသည့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် စီစဉ်

အသစ်ပြန်လည်ရေးဆွဲထားသည့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် စီစဉ်
Published 1 March 2018

၂၀၁၇ ခုနှစ်အတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုရှိခဲ့သည့် ကာလအတွင်း ရန်ကုန်မြို့နေပြည်သူများ နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တုပ်ကွေးရောဂါ ကမ္ဘာ့ကပ်အသွင်ဖြစ်ပွားမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်ကို ရေးဆွဲလုပ်ဆောင်လျက်ရှိပြီး အသစ်ပြန်လည်ရေးဆွဲထားသည့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ပြုလုပ်ခဲ့သည့် ‘ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များ ကာကွယ်စောင့်ကြည့်တုံ့ပြန်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အတွက် ကုန်ကျစရိတ်တွက်ချက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ’ အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။

၂၀၁၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာကျန်းမာရေး ပြဋ္ဌာန်းချက် (၂၀၀၅) နှင့်အညီ နိုင်ငံအလိုက် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုတင်ပြင်ဆင်ကြရန်၊ နိုင်ငံအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း၊ သဘာဝဘေး သို့မဟုတ် လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ် တုံ့ပြန်နိုင်ရေးအတွက် ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှုအစီအစဉ်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှစ၍ ချမှတ်ဆောင်ရွက်ထားကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကူးစက်ရောဂါ ကာကွယ်စောင့်ကြည့်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအား ပြန်လည်ဆန်းစစ် လေ့လာခြင်း Joint External Evaluation လုပ်ငန်းကို ၂၀၁၇ ခုနှစ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသည် Joint External Evaluation လုပ်ငန်းကို တတိယမြောက် ဆောင်ရွက်နိုင်ခဲ့သောလုပ်ငန်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များ ကာကွယ်စောင့်ကြည့်တုံ့ပြန်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ပထမဆုံးရေးဆွဲနိုင်ခဲ့သောနိုင်ငံဖြစ်ကြောင်း၊ ယခုစီမံချက်အား လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကူးစက်ရောဂါအသစ်များ၊ ပြန်လည်ခေါင်းထောင်လာသော ကူးစက်မြန်ရောဂါများအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ငါးနှစ်စီမံကိန်း ရေးဆွဲလုပ်ဆောင်လျက်ရှိကြောင်း၊ ကူးစက်မြန်ရောဂါများအပါအဝင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာများကို ကာကွယ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုအစီအစဉ် (Global Health Security Agenda) အရ မြန်မာနိုင်ငံက ဆောင်ရွက်ထားသည့် လုပ်ငန်း ၁၉ ခုကို ဆန်းစစ်ခြင်း (Joint External Evaluation) လုပ်ငန်းအား ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအရ ၂၀၁၇ ခုနှစ်မတ်လအတွင်း ပြည်တွင်းပညာရှင်များဖြင့် အဖွဲ့ခုနစ်ဖွဲ့ဖွဲ့စည်း၍ JEE လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent