၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် အပါအဝင် အခွန်ခြောက်မျိုးမှာ လျာထားချက်ပြည့်မီခြင်း မရှိဟုဆို

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် အပါအဝင် အခွန်ခြောက်မျိုးမှာ လျာထားချက်ပြည့်မီခြင်း မရှိဟုဆို
Published 28 February 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် အပါအဝင် အခွန်ခြောက်မျိုးမှာ လျာထားချက်ပြည့်မီခြင်း မရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ‘၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ပထမခြောက်လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်းသည့် လေ့လာတွေ့ရှိချက်နှင့်  သဘောထားမှတ်ချက် အစီရင်ခံစာ’ တွင် ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အခွန်ရငွေ စာရင်းများအရ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန် ၂၁ မျိုး အနက် ၁၅ မျိုးသည် လျာထားချက်ကို ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်ခဲ့ပြီး ခြောက်မျိုးမှာ လျာထားချက် ပြည့်မီခြင်း မရှိကြောင်း၊ လျာထားချက်ပြည့်မီသည့် အခွန် ၁၅ မျိုးအနက် မြေယာပေါ်တွင် ကောက်ခံသည့် အခွန်၊ ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်း တွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)၊ ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊ သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်တို့မှာ ပထမခြောက်လပတ် လျာထားချက်ကိုသာမက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်လုံး လျာထားချက်ကိုပါ ပြည့်မီကျော်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် လျာထားချက် ပြည့်မီခြင်းမရှိသော အခွန်ခြောက်မျိုးမှာ မုတ်ကောင်ဝတ်ဆံသွင်းအခွန်၊ အကောက်ခွန်၊ ရေခွန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ၊ ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခတို့ဖြစ်ကြောင်း သိရသည်။

မုတ်ကောင်ဝတ်ဆံသွင်း အခွန်လျော့နည်းရခြင်းမှာ ပထမခြောက်လအတွင်း ပေးသွင်းရန် လျာထားသော်လည်း ဒုတိယ ခြောက်လပတ်၌မှသာ ပေးသွင်းမည် ဖြစ်သောကြောင့် လျော့နည်းရခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုန်သွယ်မှုပမာဏ နည်းပါးလာခြင်းနှင့် ASEAN SINGLE WINDOW စနစ်အတိုင်း အခွန်နှုန်းထား လျော့နည်းကောက်ခံရခြင်းကြောင့် အကောက်ခွန် လျော့နည်းရခြင်းဖြစ်ကြောင်း သိရသည်။ ရေခွန်ရငွေများ ကောက်ခံရာတွင် ကောက်ခံရမည့်ငွေကို ခန့်မှန်းလျာထားခဲ့သော်လည်း အမှန်ကောက်ခံရာတွင် လျော့နည်းခြင်းကြောင့် ရေခွန်လျော့နည်းခြင်း ဖြစ်ကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်လျော့နည်းရခြင်းမှာ ရဲတံခွန်စီမံကိန်း လေဆီနှစ်လစာအတွက် Royalty ကို ထည့်သွင်းလျာထား ခဲ့သော်လည်း အောက်တိုဘာမှ လွှဲပြောင်းပေးနိုင်မည် ဖြစ်ခြင်းကြောင့် လျော့နည်းရခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခမှာ 1800 MHz အတွက် လှိုင်းနှုန်း သုံးစွဲခရရှိမည်ဟု ခန့်မှန်းထားသော်လည်း MPT နှင့် Telenor Myanmar Limited တို့မှ လှိုင်းနှုန်းလိုအပ်ချက် လျှောက်ထားလာခြင်း မရှိသောကြောင့် လျော့နည်းရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် စုစုပေါင်း အခွန်ရငွေတွင် ပထမခြောက်လ လျာထားချက် ကျပ် ၂၅၅၃ ဒသမ ၆၈၅ ဘီလျံတွင် ကောက်ခံရရှိငွေကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလျံဖြစ်၍ လျာထားချက်၏ ၁၂၀ ဒသမ ၅၆ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် တစ်နှစ်လုံး လျာထားချက်နှင့် နှိုင်းယှဉ်ပါက မူလခန့်မှန်းခြေ ကျပ် ၆၄၈၁ ဒသမ ၀၀၉ ဘီလျံအပေါ် ၄၇ ဒသမ ၅၀ ရာခိုင်နှုန်း၊ ပြုပြင်ပြီး ခန့်မှန်းခြေ ကျပ် ၇၅၄၆ ဒသ မ ၀၃၀ ဘီလျံအပေါ် ၄၀ ဒသမ ၈၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ‘၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမခြောက်လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်းသည့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ’ တွင် ဖော်ပြထားသည်။

Most Read

Most Recent