ထားဝယ်မြို့အတွင်း မီးပွိုင့်များနှင့် မြို့အဝင်အထွက် အဓိကနေရာများတွင် CCTV ၅၂ လုံး မကြာမီ တပ်ဆင်မည်

ထားဝယ်မြို့အတွင်း မီးပွိုင့်များနှင့် မြို့အဝင်အထွက် အဓိကနေရာများတွင် CCTV ၅၂ လုံး မကြာမီ တပ်ဆင်မည်
Published 28 February 2018

တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော် ထားဝယ်မြို့အတွင်း မီးပွိုင့်များနှင့် မြို့အဝင်အထွက် အဓိက နေရာများတွင် CCTV ၅၂ လုံး မကြာမီ တပ်ဆင်သွားရန်ရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင်းရှိ မီးပွိုင့် ၁၁ ခုနှင့် မြို့အဝင်အထွက် အဓိက ခြောက်နေရာတွင် CCTV ၄၄ လုံးနှင့် ယာဉ်နံပါတ်ပြားများပါ ရိုက်ကူးနိုင်သော အဆင့်မြင့်ကင်မရာ ရှစ်လုံးကို မကြာမီလပိုင်းအတွင်း တပ်ဆင်သွားရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ချက်ချင်းဆောင်ရွက်မည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘက်ဂျက်နဲ့ CCTV လုပ်ဖို့ တင်ပြထားတယ်။ CCTV တွေတစ်မြို့လုံးမှာ တပ်သင့်တယ်လို့ တင်ပြထားတယ်။ အားလုံးပေါင်းမီးပွိုင့် ၁၁ ခုမှာပေါ့။ အခုလက်ရှိမှာ ခုနစ်ခုရှိတယ်။ နောက်ထပ်လေးခုကို လာမယ့်ခြောက်လမှာ တပ်မယ်ဆို ၁၁ ခု ဖြစ်သွားမယ်။ အဲဒီ ၁၁ ခု မှာ လမ်းဆုံတွေကို CCTV တပ်ဖို့ ကိုယ်တို့စည်ပင်ကပဲ Survey လုပ်လိုက်တယ်။ မီးပွိုင့် ၁၁ ခုမှာ CCTV ၄၄ လုံးတပ်မယ်။ အဲဒီအတွက်ကို အစိုးရအဖွဲ့ဆီ ဘတ်ဂျက်သီးခြား တောင်းထားတယ်။ ဒါ့အပြင် ရိုးရိုး CCTV တင်မဟုတ်ဘဲ ကားနံပါတ်တွေပါ ရှင်းရှင်းလင်းလင်း ရိုက်နိုင်တဲ့ ကင်မရာရှစ်လုံးကို မြို့အဝင်အထွက် နေရာတွေမှာ တပ်ဖို့လည်း ရှိတယ်။ ဒါတွေကို လာမယ့်လပိုင်းအတွင်းမှာလုပ်ဖို့တင်ပြထားတယ်။ အဲဒါအတွက် Pass ရတာနဲ့အခုလာမယ့် မတ်လအတွင်းမှတောင် အပြီးတပ်လိုက်ချင်တယ်။ ဒါမျိုးက မြန်မြန်တပ်နိုင်လေ ကောင်းလေပဲ။ ဘာလို့လဲဆိုတော့ ခုနောက်ပိုင်း ဗုံးတွေပေါက်ဘာပေါက်နဲ့ လုံခြုံရေးအတွက် အရေးကြီးတယ်” ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမျိုးက ပြောကြားသည်။

ထားဝယ်မြို့တွင်း လက်ရှိတွင်မီးပွိုင့် ခုနစ်ခုရှိပြီး ယာဉ်ကြောရှုပ်ထွေးမှုနှင့် ယာဉ်မတော်တဆ ဖြစ်လေ့ရှိသည့် နေရာများဖြစ်သော DDPC Shopping Center လမ်းဆုံ၊ အဝေးပြေးကွင်းလမ်းဆုံ၊ ညောင်ပင်ကြီးလမ်းဆုံနှင့် အမှတ် (၄) လမ်းဆုံ စသည့်နေရာလေးခုတွင် မီးပွိုင့်များ ထပ်မံတပ်ဆင်ရန် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၏ လာမည့်ခြောက်လ ဘက်ဂျက်အတွင်း ထည့်သွင်းထားကြောင်း၊ ၎င်းမီးပွိုင့်များ ထပ်မံတပ်ဆင်ပြီးပါက  ထားဝယ်မြို့တွင်း၌ မီးပွိုင့် ၁၁ ခုရှိလာမည်ဖြစ်ပြီး ယင်းမီးပွိုင့်များတွင် လုံခြုံရေးအတွက် စောင့်ကြည့်ရန် CCTV ၄၄ လုံး တပ်ဆင်သွားမည့်အပြင် မြို့အဝင်အထွက်ဂိတ်နှင့် အဓိက ဝင်ထွက်ပေါက်များဖြစ်သော ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်၊ ကမြောကင်းတံတားဂိတ်၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအဝိုင်း၊ ရှမ္မလည်ဆွဲ လမ်းဆုံနှင့် ဗျောတောဝဂိတ် စသည့် ခြောက်နေရာတွင် ယာဉ်နံပါတ်ပြားများပါ အသေးစိတ် ရိုက်ကူးနိုင်သော အဆင့်မြင့် ကင်မရာရှစ်လုံး မကြာမီ တပ်ဆင်သွားရန်ရှိပြီး ယင်းအတွက် တိုင်းဒေသကြီး အစိုးရထံ ကျပ်သိန်း ၂၅၀ တင်ပြတောင်းခံ ထားသည်ဟု ၎င်းကဆက်လက် ပြောကြားသည်။ ထားဝယ်မြို့တွင်း၌ မြို့အဝင်အထွက်ဂိတ်များနှင့် လမ်းဆုံမီးပွိုင့်များတွင် CCTV များ တပ်ဆင်ပြီးပါက  ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် လုံခြုံရေးအတွက် ထိရောက်စွာ အသုံးဝင်မည်ဖြစ်ပြီး ယင်း CCTV များမှတစ်ဆင့် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို စောင့်ကြည့်၍ Record များပြုလုပ်ကာ ထိန်းချုပ်နိုင်မည့်အပြင် ဒုစရိုက်ဖြစ်ပွားမှုများကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေကြောင်း၊ ယာဉ်နံပါတ်ပြားများကို အသေးစိတ် ရိုက်ကူးနိုင်သည့် ကင်မရာများ တပ်ဆင်ထားသောကြောင့် ယာဉ်တိုက်မှုဖြင့် ထွက်ပြေးခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သယ်ဆောင်လာသည့်ယာဉ်များ ဖြတ်သန်းခြင်း ကဲ့သို့သော ပြစ်မှုများအတွက် ဖော်ထုတ်ရာတွင် များစွာထိရောက်မှု ရှိသည်ဟု ဦးလှမျိုးက ဆိုသည်။

“မြို့ထဲက မီးပွိုင့်တွေနဲ့ မြို့အဝင်အထွက် ဂိတ်တွေမှာ CCTV တွေတပ်မယ်ဆိုတော့ ကြိုဆိုတယ်။ တကယ်ဆို တပ်သင့်တာက ကြာပြီ။ ခုနောက်ပိုင်း မြို့ထဲလမ်းပေါ်မှာတောင် ဆိုင်ကယ်နဲ့ကပ်ပြီး ဖုန်းတွေပိုက်ဆံအိတ်တွေ ဆွဲကြိုးတွေ လုပြေးတာအပြင် ယာဉ်တိုက်မှု နေ့တိုင်းနီးပါးဖြစ်နေပြီး ဆိုင်ကယ်နဲ့ ကားတွေကလည်း တိုက်ပြီးထွက်ပြေးတာတွေ ခဏခဏ ဖြစ်လာတယ်။ လမ်းပေါ်မှာ ညဘက်ရော နေ့ဘက်မှာပါ အပြင်ထွက်ရတာ မလုံခြုံသလို ဖြစ်လာကြတယ်။ CCTV တပ်မယ်ဆိုတော့ အနည်းနဲ့အများ ဒီအပေါ်မှာ သက်ရောက်မှု ရှိလာမှာပဲ။ ဒါပေမဲ့ တစ်ခုရှိတာက CCTV ကို Record လုပ်ရုံလောက်နဲ့ မထားဘဲ အမြဲတမ်း စောင့်ကြည့်ပေးနေဖို့လည်း လိုတယ်။ အရင်က CCTV တွေတပ်တာ မြင်ရပေမယ့် ခဏလေးနဲ့ ပျက်သွားတာမျိုးတွေလည်း မဖြစ်ဖို့လိုတယ်” ဟု ထားဝယ်မြို့ခံ တစ်ဦးဖြစ်သူ ကိုသူရက ပြောကြားသည်။ တနင်္သာရီတိုင်း ဒေသကြီး၏ မြို့တော်ဖြစ်သော ထားဝယ်မြို့တွင် ပြီးခဲ့သည့်နှစ်များ အတွင်းက မြို့တွင်းမီးပွိုင့်များနှင့် အဓိကနေရာများ၌ CCTV များ တပ်ဆင်ကာ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးမှုရှိခဲ့ကြောင်း၊ ယခုနှစ်ပိုင်းအတွင်း ဖောက်ထွင်းမှုများ ဖြစ်ပွားမှု ရှိခဲ့သည့်အပြင် ယာဉ်တိုက်မှု ဖြစ်ပွားမှု မြင့်တက်လာကာ တိုက်ပြေးသည့် အမှုဖြစ်ပွားမှုများလည်း ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် သြင်္ကန်ကာလ အတွင်းက ထားဝယ်မြို့ အဝင်အထွက် ဂိတ်များတွင် လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးမှုများ ရှိခဲ့သည့်အပြင် ရခိုင်အရေးပြဿနာနှင့် IS များ ဝင်ရောက်လာနိုင်သော သတင်းများကြောင့် အကြမ်းဖက် သောင်းကျန်းသူများနှင့် ဘင်္ဂါလီများ ဝင်ရောက်မှု မရှိစေရန် ဒေသတွင်း လုံခြုံရေး တိုးမြှင့်ကာ တင်းကျပ်မှုများ ရှိခဲ့သည်။

 

Most Read

Most Recent