w ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရ - Eleven Media Group <

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ကောင်ဝိုင်းကျေးရွာအုပ်စု ကောင်ဝိုင်းရွာတွင် သြဂုတ် ၁၃ ရက် နံနက် ၅ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက်နှစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် နမ့်ခမ်းခုတင် ၁၀၀ ဆံ့ ဆေးရုံသို့ တင်ထားရကြောင်း သတင်းရရှိသည်။

နမ့်ခမ်းမြို့နယ် ကောင်ဝိုင်းရွာ၌ နံနက် ၅ နာရီခွဲတွင် တပ်မတော်နှင့် တအာင်း (ပလောင်) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အသက် ၅၀ အရွယ်တစ်ဦး၊ အသက် ၃၀ အရွယ်နှစ်ဦးနှင့် အသက်နှစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး၊ ကျားနှစ်ဦး၊ မနှစ်ဦး စုစု ပေါင်းလေးဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် နမ့်ခမ်းကုတင် ၁၀၀ ဆံ့ ဆေးရုံကြီးသို့ အရေးပေါ် လူနာအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။

“အခု ကျေးရွာအခြေအနေ ငြိမ်သက်သွားပါပြီ။ အခြေအနေကတော့ ကောင်းဝိုင်းရွာထဲမှာ တပ်မတော် ရောက်ရှိသွားပါပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ TNLA တော့ ရွာပြင်ထွက်သွားပြီ။ တပ်မတော်က ရွာထဲ နေရာယူလိုက်ပြီ။ ဒဏ်ရာရတဲ့သူကိုတော့ နမ့်ခမ်းခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသထားတယ်။ အငယ်ဆုံးကလေးက နှစ်နှစ်နဲ့ ခြောက်လပေါ့။ ကလေးနာမည် မစန်းစန်းမိုးပေါ့။ သူတို့မိသားစုထဲမှာ သုံးဦးလုံး ဒဏ်ရာရထားတယ်။ အဖေရယ်၊ အမေရယ်၊ ကလေးရယ်ပေါ့။ ကလေးတော့ ခြေထောက်မှာ ဓာတ်မှန်ရိုက်ပြီးတော့ ခွဲစိတ်မယ်လို့ မေးမြန်းကြည့်လို့ သိရတယ်။ နောက်တစ်ယောက်က လူကြီးပါ။ အသက် ၂၇ နှစ်ရှိပါပြီ။ သူက ရင်ဘတ်မှာ ဒဏ်ရာရထားတယ်။ နောက်ကနေ တစ်ယောက်ကို မှီပြီးတော့ ထိုင်နေရတယ်။ ဒီလူကြီးတော့ နည်းနည်းစိုးရိမ်ရတယ်။ အခုတော့ မခွဲထုတ်သေးဘူးပေါ့။ ဒရစ်ပဲသွင်းထားတဲ့ အခြေအနေ ရှိသေးတယ်” ဟု နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ပြောကြားသည်။

ကောင်းဝိုင်းတွင် ပထမဆုံးအကြိမ် တိုက်ပွဲပြန်လည် ဖြစ်ပွားခြင်းဖြစ်ကာ အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ကောင်းဝိုင်းရွာသူ ရွာသားများသည် ထိတ်လန့်မှုဖြစ်ခဲ့ကြပြီး အိမ်၌မနေရဲတော့ဘဲ ကောင်းဝိုင်းရွာလယ်ရှိ ဇရပ်တွင် စုပေါင်းနေထိုင်ကြကာ သတိနှင့် နေထိုင်ကြလျက်ရှိကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့သူ လေးဦးရှိပါတယ်။ ရွာပြည်သူ လူထုတွေပဲ။ ကျားနှစ်ဦး၊ မနှစ်ဦး ပေါင်းလေးဦးပေါ့။ ကလေးမလေး တစ်ယောက်ကတော့ ခြေထောက်မှာ ဒဏ်ရာရတယ်။ ကောင်းဝိုင်းကျေးရွာမှာ မနက် ၅ နာရီ ခွဲမှာဖြစ်တယ်။ ဒဏ်ရာရတဲ့သူတွေက နမ့်ခမ်းဆေးရုံကို ရောက်လာပြီ။ ရွာလူထုကတော့ ရွာထဲမှာပဲစုပြီးတော့ နေကြတယ်” ဟု နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

နမ့်ခမ်းမြို့နယ်တွင် ဒုက္ခသည်စခန်း လေးနေရာရှိပြီး နေ၀န်းနီစခန်း၊ ပန်လုံစခန်း၊ ဂျော် (တစ်)၊ ဂျော် (နှစ်)  စခန်းလေးခုရှိကာ စုစုပေါင်း ဒုက္ခသည် ၂၀၀၀ ခန့် ရှိနေကြောင်း သိရသည်။

 

August 13, 2017














Copy Protected by Chetan's WP-Copyprotect.