လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးနိုင်မည့်ဥပဒေ ပြဋ္ဌာန်းပေးရေး လက်မှတ်ကောက်ခံမှု သာကေတမြို့နယ်တွင် ပြုလုပ်

လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးနိုင်မည့်ဥပဒေ ပြဋ္ဌာန်းပေးရေး လက်မှတ်ကောက်ခံမှု သာကေတမြို့နယ်တွင် ပြုလုပ်
Published 28 February 2018

သာကေတမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးရေး လက်မှတ်ကောက်ခံနေစဉ်

လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များတွင် ကျူးလွန်သူများကို သေဒဏ်ပေးနိုင်မည့် ဥပဒေပြဋ္ဌာန်းပေးရေးအတွက် ပြည်သူများထံမှ လက်မှတ်ကောက်ခံမှုကို သာကေတမြို့နယ်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

လက်မှတ်ကောက်ခံမှုကို သာကေတမြို့နယ် အမှတ် (၁) ဈေးရှေ့တွင် ပြုလုပ်နေခြင်းဖြစ်ပြီး လက်မှတ်ကောက်ခံရာတွင် လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးဥပဒေ ပြဋ္ဌာန်းပေးဆိုသည့် စာတန်းပါဗီနိုင်းကို ထောင်ထားပြီး ဈေးသွားဈေးပြန် ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများက လက်မှတ်ကောက်ခံနေရာသို့ လာရောက်လက်မှတ်ထိုးခဲ့ကြသည်။

“သက်ငယ်မုဒိမ်းက အခုတလော အရမ်းများလာတယ်။ အရမ်းများလာတယ်ဆိုတာက မိဘက မစောင့်ရှောက်လားဆိုတော့ မိဘကတော့ မစောင့်ရှောက်တာတော့ မဟုတ်ဘူးပေါ့။ တကယ် အချိန်ပြည့်စောင့်ရှောက်နိုင်လောက်အောင် အချိန်တွေမပေးနိုင်ကြတော့ဘူး။ စီးပွားရေးတွေ ကျပ်တည်းလာကြတယ်။ စီးပွားရေးလုပ်နေတဲ့အချိန် များလာတယ်။ အဲဒီအပြင် ကိုယ်ချင်းစာစောင့်ရှောက်တဲ့ ယောကျ်ားသားတွေကလည်း နည်းပါးလာတယ်။ လူမှုကွန်ရက်တွေမှာလည်း ဒီ Sex ကိစ္စတွေနဲ့ပတ်သက်လို့ ကြည့်ရှုစရာတွေ အလွယ်တကူ ကြည့်ရှုနိုင်တဲ့အတွက်ကြောင့် ဒီစိတ်တွေပိုများလာတယ်လို့ ထင်ပါတယ်။ ကလေးတွေအနေနဲ့ကလည်း အရမ်းသနားဖို့ကောင်းပါတယ်” ဟု လက်မှတ်ကောက်ခံမှုတွင်ပါဝင်သည့် ဒေါ်ဆွေဇင်ဦးက ပြောကြားသည်။

လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရေးဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် ထောက်ခံလက်မှတ်များကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကောက်ခံလျက်ရှိပြီး လက်မှတ်သုံးသိန်းရရှိပါက လွှတ်တော်သို့ ပြည်သူများ၏ ဆန္ဒအမှန်ဖြစ်ကြောင်း တင်ပြမည်ဖြစ်ကာ ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန် မျှော်လင့်ထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ဆန္ဒကို ဝိုင်းဝန်းတောင်းဆိုပေးရန် လိုအပ်ကြောင်း ဒေါ်ဆွေဇင်ဦးက ဆက်လက်ပြောကြားသည်။

“အန်တီတို့ကတော့ မလိုလားအပ်တဲ့ဟာတွေဖြစ်နေတော့ အရမ်းစိတ်ပျက်ပါတယ်။ ကြားရတာလည်း စိတ်တွေလည်းမကောင်းဘူး။ အခုလို လက်မှတ်ကောက်ခံတာက အများကြီးကောင်းတယ်။ အဲဒါကြောင့် အန်တီလက်မှတ်လာထိုးတာပါ။ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို အသေသတ်ပစ်ဖို့ ကောင်းပါတယ်။ ဒါမှလည်း နောင်လူတွေမလုပ်နိုင်မှာလေ။ မှတ်လောက်သားလောက်အောင် ပြည်သူလူထုရှေ့လုပ်လို့ရှိရင် ပိုတောင်ကောင်းသေးတယ်။ အဲဒီလိုမျိုးမလုပ်ဘူးဆိုရင် နောက်လုပ်လို့ရရင် လုပ်နေဦးမှာပဲ။ ထောင်ကျလည်း ခဏပဲ။ ပြန်ထွက်လာရင် သူတို့ဒါတွေကိုလုပ်မှာပဲ” ဟု လက်မှတ်လာထိုးသည့် သာကေတမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းပေးရန် လက်မှတ်ကောက်ခံမှုများ လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် လက်မှတ်ငါးသောင်းကျော်ရရှိပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် သာကေတမြို့နယ်အတွင်း လက်မှတ်ကောက်ခံမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း သာကေတမြို့နယ် ၇ ဈေးအနီး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှုအထိဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၇ မှုဖြစ်ပွားခဲ့ကာ ၂၂၆ မှု တိုးလာခဲ့ကြောင်း သိရသည်။ ထို့ပြင်အသက် ၁၆ နှစ်အထက် မုဒိမ်းမှုဖြစ်စဉ်တွင်လည်း ၂၀၁၆ ခုနှစ်တွင် ၄၂၉ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၅၀၈ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent