ချင်းတွင်းသြင်္ကန် နှစ်သစ်ကူးရေကစားပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်

ချင်းတွင်းသြင်္ကန် နှစ်သစ်ကူးရေကစားပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်
Published 28 February 2018

ချင်းတွင်းသြင်္ကန်နှစ်သစ်ကူး ရေကစားပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းရေကစားပွဲတော်ကို မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး ဇက်ဆိပ်အနီးမြစ်ကမ်းစပ်ရှိ အကျယ်အဝန်းပမာဏ ၆၀၀၀၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းသည့်ကမ်းခြေတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ကပြဖျော်ဖြေမှုပြိုင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုအစီအစဉ်များ စသည်ဖြင့် အစီအစဉ်သုံးမျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့နဲ့ အမွေအနှစ်တွေကို ဒီပွဲကြီးကနေ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအနေနဲ့ ဒီပွဲကြီးကို လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ သြင်္ကန်ကာလဆို မြန်မာလူမျိုးတွေရဲ့လှပပြီး အဓိပ္ပာယ်ရှိတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။ ပြီးတော့ ဒေသထွက် ထုတ်ကုန်တွေကိုလည်းဒီပွဲမှာ ထုတ်ဖော်ပြသပေးသွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

အဆိုပါရေကစားပွဲတော်တွင် တိုင်းရင်းသားရိုးရာကပြဖျော်ဖြေမှုများ၊ ပြည်တွင်းမှ နာမည်ကျော်တေးသံရှင်များ၊ သြင်္ကန်ယိမ်းအကများကို ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားနှင့် လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်တွင် ဇုန်လေးဇုန်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးများအတွက် ရည်ရွယ်တည်ဆောက်ထားသည့် ချားရဟတ်များနှင့် ရေလွှာလျှောစီးများ၊ မြစ်ရေစပ်ကမ်းခြေနေရာ ချင်းတွင်းမြစ်ကမ်းစပ်တစ်လျှောက်တွင် စားသောက်များဖွင့်လှစ်မည်ဖြစ်ပြီး နားနေအပန်းဖြေနိုင်မည့်နေရာများလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းသြင်္ကန် နှစ်သစ်ကူးရေကစားပွဲတော် ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်းနှင့် နိုင်ငံတကာမှ ခရီးသွားဝင်ရောက်မှု ပိုမိုမြင့်တက်လာစေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ချင်းတွင်းမြစ်ကမ်းနံဘေးတွင် ပြုလုပ်မည့် အဆိုပါရေကစားပွဲတော်ကို ခြောက်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent