၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က မောင်တောနယ်စပ်ရှိ လုံခြုံရေးကင်းစခန်းများကို  အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲဆိုထားသည့်အမှု ၁၉ မှုရှိပြီး တရားခံ ၇၁ ဦးရှိကြောင်း သိရ

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က မောင်တောနယ်စပ်ရှိ လုံခြုံရေးကင်းစခန်းများကို  အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲဆိုထားသည့်အမှု ၁၉ မှုရှိပြီး တရားခံ ၇၁ ဦးရှိကြောင်း သိရ
Published 28 February 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က မောင် တောနယ်စပ်ရှိ လုံခြုံရေး ကင်းစခန်းများကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲဆိုထားသည့် အမှုပေါင်း ၁၉ မှုရှိပြီး တရားခံပေါင်း ၇၁ ဦးရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က အကြမ်းဖက်ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ ၇၁ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် တရားစွဲထားခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ အမှုများကို စစ်ဆေးသည့် အနေအထားသာရှိပြီး တစ်မှုမှ စီရင်ချက် မချရသေးဟုလည်း မောင်တောခရိုင် ဒုတိယတရားသူကြီး ဦးညိုလွင်ဦးက ပြောကြားသည်။

“၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုဖြစ်စဉ်မှာ အကြမ်းဖက်မှုဥပဒေနဲ့ စွဲထားတဲ့ အမှုပေါင်း ၁၉ မှုရှိပြီးတော့ တရားခံ စုစုပေါင်း ၇၁ ဦးရှိတယ်။ အခုတော့ တရားလိုဖက်ကို စစ်ဆေးဆဲဖြစ်ပါတယ်” ဟု မောင်တောခရိုင် ဒုတိယတရားသူကြီး ဦးညိုလွင်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင်  ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းများအား စနစ်ကျသော ကွပ်ကဲမှုဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သည်တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊ ပေါင်း ၁၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် အချို့ထိခိုက်ဒဏ်ရာ ရရှိကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ခြောက်လက် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်များထံ ပါရှိသွားခဲ့ကြောင်းနှင့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားနှစ်ဦး အရှင်ဖမ်းမိခဲ့ပြီး အလောင်း ၇၇ လောင်း ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး ကျဆုံး၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေရရှိကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ၇ ဦး၊ ဘင်္ဂါလီ ၇ ဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတိုင်းရင်းသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီ အကြမ်းဖက်သမားများက မောင်တောမြို့နယ် ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ ကျော်အား အဓမ္မဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းနှင့် စက်တင်ဘာ ၂၄ နှင့် ၂၅ ရက်များတွင် ဘော်တလာကျေးရွာအနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း၊ တချို့မှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တချို့မှာ တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးအသီးသီး၌ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၅၀၇ ဦး၊ အမှုခုနစ်မှု ရှိကြောင်းနှင့် အမှုတစ်မှုသာ စီရင်ချက်ချမှတ်ရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

ယင်းတို့အနက် ငါးခူရနယ်ခြားစောင့် ရဲစခန်းအား တိုက်ခိုက်ခံရမှုတွင် နယ်ခြားစောင့် ရဲအရာရှိ ဒုရဲအုပ် တစ်ဦးနှင့် ရဲတပ်သားတစ်ဦး ကျဆုံးခဲ့သည့်ဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုထားသူ ၄၅ ဦးအား ဖေဖော်ဝါရီ ၂၃ ရက်က အမိန့်ချမှတ်ခဲ့ရာ လေးဦးအား သေဒဏ်ချမှတ်ပြီး  ၂၆ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကာ ၁၅ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent