ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါးအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က ပြန်ပေးဆွဲငွေညှစ်မှုဖြစ်ပေါ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသူအား ပြန်လွှတ်မပေးသေး

ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါးအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က ပြန်ပေးဆွဲငွေညှစ်မှုဖြစ်ပေါ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသူအား ပြန်လွှတ်မပေးသေး
Published 28 February 2018

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါးကိုအကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ပူးပေါင်းပြီး ပြန်ပေးဆွဲငွေညှစ်တောင်းခံကာ ဦးကောင်ကြီး (ခေါ်) သန်းထိုက် အသက် ၃၆ နှစ်အား ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယနေ့တိုင် ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချိုလက်က ပြောကြားသည်။

“သူတို့က ကျွန်မယောက်ျားဆီမှာ စိတ်ကြွဆေးပြား ၁၅ ပြား ဝယ်ယူတယ်လို့ပြောတယ်။ ဒါကြောင့် အိမ်မှာ ဆေးပြားတွေရှိမှာပဲဆိုပြီး အိမ်ပေါ်မှာ ဝင်ရောက်ရှာဖွေတယ်။ အဲဒီအဖွဲ့က ဘာမှမတွေ့တော့ အိမ်မှာရှိတဲ့ ငွေတစ်သိန်းရှစ်သောင်းနဲ့ ဖုန်းနှစ်လုံး ဆိုင်ကယ်တစ်စီးကိုသိမ်းယူပြီး ကျွန်မယောက်ျားကို သိန်းလေးဆယ်နဲ့ လာရောက်ရွေးယူဖို့ ပြောသွားတယ်” ဟု ဒေါ်ချိုလက်က ပြောကြားသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့သည် ဘားအံမြို့နယ် ကံခရဲကျေးရွာအုပ်စု ကျွန်းကြီးရွာအနီးက ဇိုင်းဘက်ရှိ ရော်ဘာခြံအခြေပြု စခန်းချသည့် လက်နက်ကိုင်အဖွဲ့နှင့် ဘားအံမြို့နယ် အိန္ဒုအခြေပြုစခန်းချသည့် လက်နက်ကိုင်အဖွဲ့တို့ဖြစ်ပြီး စုစုပေါင်း ခုနစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းအရ အဆိုပါလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဦးကောင်ကြီးအား ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ် မဲသိမ်ကုန်းစခန်းသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားပြီး ဖုန်းဖြင့် ဇနီးဖြစ်သူ ဒေါ်ချိုလက်ထံသို့ ငွေကိစ္စအဆင်ပြေလားဟု မေးမြန်းခဲ့ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီက ကျွန်မဆီဖုန်းဆက်လာတယ်။ ငွေကိစ္စအဆင်ပြေလားပေါ့။ ကျွန်မက ခြံလိုက်ပေါင်တာ ငွေ ၁၅ သိန်းပဲရတယ်။ ကျွန်မတို့ တောသူတောင်သားတွေအနေနဲ့ ဒီလောက်ပဲတတ်နိုင်တယ်လို့ ပြောလိုက်တယ်” ဟု ဒေါ်ချိုလက်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကဲ့သို့ ဖေဖော်ဝါရီတတိယပတ်က ဘားအံမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးကို အကြောင်းပြကာ ငွေသိန်း ၅၀ မပေးပါက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း သိရသည်။

Most Read

Most Recent