တည်ဆောက်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးနှင့် အဂတိလိုက်စားမှု လျှော့ချနိုင်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ သတ်မှတ်စံနှုန်းနှင့်အညီဖြစ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိဟုဆို

တည်ဆောက်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးနှင့် အဂတိလိုက်စားမှု လျှော့ချနိုင်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ သတ်မှတ်စံနှုန်းနှင့်အညီဖြစ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိဟုဆို
Published 28 February 2018

တည်ဆောက်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးနှင့် အဂတိလိုက်စားမှု လျှော့ချနိုင်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ သတ်မှတ်စံနှုန်းနှင့်အညီဖြစ်ရေးတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာခြောက်လ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက “တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိရေး၊ အဂတိလိုက်စားမှု လျှော့ချနိုင်ရေးတို့အတွက် တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ Construction Sector Transparency Initiative အဖွဲ့အစည်းရဲ့ ဌာနကိုယ်စားလှယ်တို့အဖွဲ့နဲ့ ပူးပေါင်းကာ ရှောင်တခင်စစ်ဆေးခြင်း၊ သတ်မှတ်စံနှုန်းနဲ့အညီဖြစ်စေရေးတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

“ဒီလိုအသွင်ကူးပြောင်းရေးကာလမှာ ဝန်ထမ်းတွေကို မသမာမှု၊ ညွှန်ကြားချက်တွေကို မလိုက်နာမှုတွေကြောင့် အရေးယူဆောင်ရွက်မှုတွေရှိပါတယ်။ အခုအစိုးရတာဝန်ယူ ဆောင်ရွက်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ယနေ့အထိ အင်ဂျင်နီယာဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ ၎င်းတို့ရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုအရ အားနည်းချက်တွေကို ပြင်းပြင်းထန်ထန် အရေးယူမှုရှိခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အလွဲသုံးစားမှုတွေကို တိကျတဲ့တိုင်ကြားမှုတွေရရှိပါက အသေးစိတ်စိစစ်စစ်ဆေးပြီး မှန်ကန်တယ်ဆိုလို့ရှိရင် ဝန်ကြီးဌာနအနေနဲ့ တည်ဆဲဥပဒေအရ ပြင်းထန်စွာ အရေးယူအပြစ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ် ဧပြီမှ ယနေ့အထိ အရေးယူမှုများအနေဖြင့် ရာထူးမှထုတ်ပယ်ခြင်းသုံးဦး၊ ရာထူးတစ်ဆင့်ချခြင်း ကိုးဦး၊ ရာထူးတိုးရပ်ဆိုင်းခြင်း ၁၂ ဦး၊ ပြင်းထန်စွာသတိပေးခြင်း ၄၉ ဦးရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနများအနေဖြင့် Regulatory Body ဖြစ်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ပြောင်းလဲပြီးပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်တိုင်ဆောက်လုပ်ခြင်းများ ပြုလုပ်မည်မဟုတ်တော့ကြောင်း သိရသည်။

Most Read

Most Recent