ချင်းတွင်းမြစ်ရေ ခန္တီးနှင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် တတိယအကြိမ် ပြန်လည်မြင့်တက်လာသဖြင့် မြစ်ကမ်းနံဘေးနှင့် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ စတင်ပြောင်းရွှေ့

ချင်းတွင်းမြစ်ရေ ခန္တီးနှင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် တတိယအကြိမ် ပြန်လည်မြင့်တက်လာသဖြင့် မြစ်ကမ်းနံဘေးနှင့် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ စတင်ပြောင်းရွှေ့
Published 13 August 2017

ခန္တီးမြို့ အနိမ့်ပိုင်း ရပ်ကွက်များတွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်လာမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများအား တွေ့ရစဉ်

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနှင့် ဟုမ္မလင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ တတိယအကြိမ် ပြန်လည်မြင့်တက်လာသဖြင့် မြစ်ကမ်းနံဘေးနှင့် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ စတင်ပြောင်းရွှေ့နေရကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် သြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ ခန္တီးမြို့၏ စိုးရိမ်ရေမှတ်အထက် သုံးပေကျော် ၁၄၅၉ စင်တီမီတာသို့ ရောက်ရှိနေပြီး ဆက်လက်မြင့်တက် လာနိုင်ကြောင်း ခန္တီးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဦးစီးမှူး ဦးချစ်ထွေးထွန်း၏ ပြောကြားချက်အရ သိရသည်။

“ခန္တီးရဲ့ အထက်ဘက်ဖြစ်တဲ့ တနိုင်းဘက်မှာ မိုးအရမ်းများပြီး ရေတွေတိုးနေတယ်။ တနိုင်းမြို့ထဲကိုလည်း ရေတွေဝင်ပြီး ဌာနဆိုင်ရာရုံးတချို့တောင်မှ ယာယီပိတ်ထားရတယ်လို့ ဖုန်းသတင်းရတယ်။ ပြီးတော့ တနိုင်းနဲ့ ခန္တီးကြားက တံခွန်၊ တံကုန်း စတဲ့ နေရာတွေမှာလည်း မိုးအရမ်းများပြီး ရေတွေ ထူးထူးကဲကဲတက်နေတယ်လို့ သိရတယ်။ နောက်တစ်ခုက ခန္တီးနဲ့ မိုင် ၃၀ လောက်ဝေးတဲ့ နန်စီဘွန်မှာလည်း မိုးအရမ်းရွာပြီး ချောင်းရေ တိုးလို့ ကြိုးတံတားတစ်ခုတောင်မှ ရေထဲပါ သွားတယ်လို့ကြားတယ်။ အဲဒီကရေတွေ အကုန်လုံးက ခန္တီးကို ရောက်လာမှာဆိုတော့ ဆက်တက်လာနိုင်တဲ့သဘော ရှိပါတယ်” ဟု ဦးချစ်ထွေးထွန်းက ပြောကြားသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခန္တီးမြို့တစ်ဝက်နီးပါးခန့် ရေနစ်မြုပ်နေပြီး လှေများဖြင့် သွားလာနေရကြောင်း သိရသည်။

“၁၁ ရက်နေ့ကတည်းကစပြီး မြို့ထဲကို ရေဝင်နေပြီ။ အခုဆိုရင် အနိမ့်ပိုင်းရပ်ကွက်တွေ အကုန်လုံးနီးပါး ရေမြုပ်ကုန်ပြီ။ မြို့ထဲမှာတော့ ဈေးတစ်ခုလုံး မြုပ်သွားလို့ နေရာရွှေ့လိုက်ရပြီ။ အထကကျောင်းလည်း တစ်ဝက်လောက် ရေမြုပ်နေပြီ။ လမ်းကလည်း ကမ်းနားလမ်းနဲ့ ဒုတိယလမ်းကလွဲပြီး ရေတွေမြုပ်နေလို့ လှေတွေနဲ့ပဲ သွားနေရပြီ မြို့တစ်ဝက်နီးပါး ရေလွှမ်းနေပြီလို့ ပြောရမယ်” ဟု ဦးချစ်ထွေးထွန်းက ဆက်လက် ပြောကြားသည်။

ခန္တီးမြို့တစ်ဝက်နီးပါး ရေနစ်မြုပ်နေသဖြင့် သြဂုတ် ၁၂ ရက်ညနေမှစတင်၍ ရေဘေးကယ်ဆယ်ရေးစခန်း ငါးခုဖွင့်ထားရပြီး ခန္တီးမြို့ပေါ်ရှိ အောင်သာရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ မြို့မရပ်ကွက်များမှ လူနေအိမ်အချို့ နှင့် ရွှေမြင့်မိုရ်ကျေးရွာနှင့် နန်ဖာကျေးရွာမှ လူနေအိမ်အချို့ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

“မနေ့ညနေက အထိတော့ ရေဘေးပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု ၁၄၇ စုနဲ့ လူဦး ရေ ၆၆၈ ယောက် ရှိပါတယ်။ ဒီနေ့ထပ်ရွှေ့တာတွေ ရှိပါသေးတယ်။ စာရင်းကောက်နေတုန်းမို့ ညနေမှ အတိအကျ ပြောနိုင်ပါမယ်။ အဲဒါတွေအကုန်လုံး စာရင်းပေါင်းပြီး မနက်ဖြန်မှ ဆန်ဖိုးထောက်ပံ့ကြေးငွေနဲ့ မြို့နယ်နဲ့ညှိပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးပါမယ်” ဟုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ဦးသုတစိုးက ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် သြဂုတ် ၁၃ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၉၁၀ စင် တီမီတာတွင် ရောက်ရှိနေကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့ မြစ်ကမ်းနံဘေးနှင့် အနိမ့်ပိုင်းရပ်ကွက်တွင် ရေများစတင် ဝင်ရောက်နေပြီး ဟုမ္မလင်းမြို့ နောင်ပကျစ်တောင်ပေါ် အေးသုခဇရပ်တွင် ရေဘေးပြောင်းရွှေ့နေရသော အိမ်ထောင်စုငါးစု ရှိနေပြီဖြစ်ကြောင်း သိရ သည်။

သြဂုတ် ၁၃ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့် ၁၂၃၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ဖောင်းပြင်မြို့ မြစ်ကမ်းနံဘေးနှင့် အနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေများစတင် ဝင်ရောက်နေကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် သြဂုတ် ၁၃ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ မော်လိုက် မြို့တွင် ၁၀၉၄ စင်တီမီတာ၊ ကလေးဝမြို့တွင် ၁၃၃၁ စင်တီမီတာ၊ မင်းကင်းမြို့တွင် ၁၁၆၅ စင်တီမီတာ၊ ကနီမြို့တွင် ၉၄၂ စင်တီမီတာနှင့် မုံရွာမြို့တွင် ၈၄၈ စင်တီမီတာသို့ မြင့်တက်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent