အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားမှုပေါင်း ၃၅၇၂ မှုအထိရှိလာပြီး တိုင်ကြားစာအများစုကို မှတ်တမ်းတင်ကာ အရေးယူရန်စုံစမ်းစစ်ဆေးမှု ၄၈ မှုသာရှိ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားမှုပေါင်း ၃၅၇၂ မှုအထိရှိလာပြီး တိုင်ကြားစာအများစုကို မှတ်တမ်းတင်ကာ အရေးယူရန်စုံစမ်းစစ်ဆေးမှု ၄၈ မှုသာရှိ
Published 13 August 2017

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ဇူလိုင်လကုန်အထိ တိုင်ကြားစာ ၃၅၇၂ စောင် ရောက်ရှိလာပြီး ကော်မရှင်က တိုင်ကြားစာ ၄၈ စောင်အပေါ် စုံစမ်းစစ်ဆေးခဲ့သော်လည်း တိုင်ကြားစာ အများစုကို မှတ်တမ်းတင်ခြင်းသာ ပြုလုပ်ခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့တိုင်ကြားစာ ၃၅၇၂  စောင် ရောက်ရှိခဲ့ပြီး အဆိုပါ တိုင်ကြားစာများတွင် ဌာနဆိုင်ရာကိစ္စ တိုင်ကြားမှုအများဆုံးဖြစ်ကာ စီမံ ခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း၊ မြေယာကိစ္စ (လယ်ယာမြေ စီမံခန့်ခွဲရေးကိစ္စ)၊ တရားစီရင်ရေးနှင့် သက်ဆိုင်သည့် တိုင်ကြားမှု များပြားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကော်မရှင်အဖွဲ့ထံသို့ လိပ်မူပေးပို့သည့် တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့်တိုင် ကြားစာစုစုပေါင်း ၃၅၇၂ စောင် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ၄၈ မှုသာ စုံစမ်းမှုပြုခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုအားနည်းနေခြင်းကြောင့် ကော်မရှင်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ကြောင်း ဝေဖန်နေသကဲ့သို့ လက်ရှိကော်မရှင်မှာလည်း တည်ဆဲဥပဒေအရပင် သက်တမ်းလွန်နေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ကော်မရှင်၏ သက်တမ်းကို သမ္မတ၏ သက်တမ်းအတိုင်းသာဖြစ်ကြောင်း သတ်မှတ်ထားသည်။

ကော်မရှင်မှ လက်ခံရရှိသည့် တိုင်ကြားစာများတွင် ဌာနဆိုင်ရာကိစ္စ ၁၀၄၅ စောင်ဖြင့် အများဆုံးဖြစ်ပြီး မြေယာကိစ္စတိုင်ကြားစာ ၅၂၅  စောင်၊ စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်းတိုင်ကြားစာ ၇၃၅ စောင်နှင့် တရားစီရင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စ တိုင်ကြားစာ ၅၂၇ စောင် ပါဝင်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အရေးယူဆောင်ရွက်မှုမှာ စုံစမ်းစစ်ဆေးခြင်းဆောင်ရွက်သည့် တိုင်ကြားစာ ၄၁  စောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်စာ ၈၃၅  စောင်၊ မှတ်တမ်းတွဲခြင်း ဆောင်ရွက်သည့်တိုင်စာ ၂၆၈၆ စောင်နှင့် စိစစ်ဆဲသုံးစောင်တို့ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၄၈ စောင်တွင် အရေးယူဆောင်ရွက်နိုင်ခဲ့သည့် တိုင်ကြားစာ ၃၈ စောင်ရှိပြီး ဥပဒေနှင့်ငြိစွန်းသည့် အထောက်အထား စစ်ဆေး ပေါ်ပေါက်ခြင်း မရှိသည့် တိုင်ကြားစာ ငါးစောင်နှင့် အရေးယူ ဆောင်ရွက်ပြီးဖြစ်၍ ထပ်မံအရေးယူဆောင်ရွက်ခြင်း မရှိသည့် တိုင်ကြားစာနှစ်စောင် ရှိနေကြောင်း သိရသည်။

အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားရာတွင် နစ်နာသူအနေနှင့်တိုင်ကြားမှု ထိရောက်စေရန် တိုင်ကြားစာ၌ မဖြစ်မနေပါဝင်ရမည့် အချက်များမှာ တိုင်ကြားသည့် အဂတိလိုက်စားမှုသည် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်၏နောက်ပိုင်း ဖြစ်သော အဂတိလိုက်စားမှုဖြစ်ရန်၊ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် အဂတိလိုက်စားကြောင်း ပြင်ပတွင် ကြားသိနေရသည့် အပြင်သိ၊ ပတ်ဝန်းကျင်အများ ပြောကြားနေသည့် သတင်းကြားတို့ဖြင့် တိုင်ကြားခြင်း မပြုဘဲ အရေးကြီးသည့် သက်သေခံချက် ပါရန်၊ စုံစမ်းစစ်ဆေးရမည့် ကိစ္စ ပါဝင်ပါကအမှန်တကယ်နစ်နာသူ ဟုတ် မဟုတ် သိရှိနိုင်ရန်နှင့် လိုအပ်ပါက ဆက်သွယ်မေးမြန်းခေါ်ယူနိုင်ရန် အခြားသူအမည်အား အလွဲသုံးစား ပြုလုပ်တိုင်ကြားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိုင်ကြားသူ၏  လက်မှတ်၊ အမည်၊ မှတ်ပုံတင်အမှတ် နှင့် မိတ္တူမဖြစ်မနေပါဝင်ရန်နှင့် တိုင်ကြားစာကို ကော်မရှင်သို့တိုင်ကြားရာတွင်မိတ္တူသာပေးပို့ပါက ကော်မရှင်အနေဖြင့် အရေးယူဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် ကော်မရှင်သို့ တိုက်ရိုက်လိပ်မူ တိုင်ကြားရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent