ရွှေလင်ပန်း စက်မှုဇုန်ရှိ မြန်မာရန်ကုန်ရီချန်း အထည်ချုပ်စက်ရုံရှေ့တွင် လူတစ်စုကတဲထိုးပြီး ဥပဒေမဲ့ တားဆီးနေမှု အမြန်ဆုံးဖြေရှင်းပေးရန် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြား

ရွှေလင်ပန်း စက်မှုဇုန်ရှိ မြန်မာရန်ကုန်ရီချန်း အထည်ချုပ်စက်ရုံရှေ့တွင် လူတစ်စုကတဲထိုးပြီး ဥပဒေမဲ့ တားဆီးနေမှု အမြန်ဆုံးဖြေရှင်းပေးရန် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြား
Published 27 February 2018

ရွှေလင်ပန်းစက်မှုဇုန်ရှိ မြန်မာရန်ကုန်ရီချန်း အထည်ချုပ်စက်ရုံရှေ့တွင် တဲထိုးထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ- နေလင်းဇင်)

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ မြန်မာရန်ကုန်ရီချန်း အထည်ချုပ်စက်ရုံရှေ့တွင် လူတစ်စုကတဲထိုးပြီး ဥပဒေမဲ့တားဆီးနေသဖြင့် ဖြေရှင်းပေးရန် ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားထားကြောင်း ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

လက်ရှိ တားဆီးခံရသည့် မြန်မာရန်ကုန်ရီချန်း အထည်ချုပ်စက်ရုံသည် ရွှေလင်ပန်းစက်မှုဇုန် ဦးရေပေါလမ်းနှင့် သံချက်ဝန်ဦးမြူး လမ်းထောင့် မြေကွက်အမှတ် ၂၃၀ တွင် တည်ရှိသည့် ၁ ဒသမ ၇၅၀ ဧကကျယ်ဝန်းသော မြေကွက်ဖြစ်ကာ ၂၀၀၃ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ တရားဝင်ဝယ်ယူကာ ၂၀၀၆ ခုနှစ်တွင် မြေဂရန်ရရှိ၍ အထည်ချုပ်စက်ရုံကို မြေ ၁ ဒသမ ၂ ဧကအပေါ် ၂၀၀၃ ခုနှစ်ကတည်းက တည်ဆောက်ကာ လုပ်ငန်း ဆောင်ရွက်နေသော စက်ရုံဖြစ်ကြောင်း တိုင်ကြားစာအရ သိရသည်။

၂၀၁၇ ခုနှစ် မေလတွင် ကျန်မြေ ၀ ဒသမ ၅၅ ဧကအပေါ် အဆောက်အအုံတိုးချဲ့ တည်ဆောက်ရာ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေချိန်တွင် လူသုံးဦးက အဆောက်အအုံဆောက်လုပ်နေသည့် အလုပ်သမားများအား လုပ်ငန်းရပ်ဆိုင်းပေးရန်နှင့် ရပ်ဆိုင်းခြင်းမရှိပါက လူအုပ်ဖြင့် လာရောက်တားမြစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် လူရှစ်ဦးခန့်က စက်ရုံမြေကွက် ရှေ့တဲထိုးကာ အဝင်အထွက် ပိတ်ဆို့ပြီး မင်းမဲ့စရိုက်ဆန်ဆန် တားဆီးနေသည်ဟု တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

“ဒီပြဿနာကို ကုန်သည်စက်မှုအသင်းချုပ်၊ စက်မှုကုန်ထုတ်သူများအသင်း၊ စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီတို့ကတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြထားပြီး အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့ စောင့်စားနေပါတယ်”  ဟု ဦးနေလင်းဇင်က ပြောကြားသည်။

စက်မှုဇုန်များတွင် လယ်သမားဟုဆိုသူများက အုပ်စုဖွဲ့ပိတ်ဆို့မှု ဖြစ်ပွားနေသည်မှာ ကာလကြာမြင်နေပြီဖြစ်ပြီး စက်ရုံတိုးချဲ့ တည်ဆောက်မှုများပြုချိန်တိုင်း အထောက်အထား တစ်စုံတစ်ရာပြနိုင်ခြင်းမရှိဘဲ အဖွဲ့ လေး၊ ငါးခုမှသာ ဦးဆောင်ပြုလုပ်နေသည်ကို ရွှေလင်ပန်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ မှတ်တမ်းများအရ သိရှိရကြောင်းနှင့် ထိုသို့ ဖြစ်ပေါ်နေမှုများကို အကြိမ်ကြိမ်တိုင်ကြားသော်လည်း ထိရောက်စွာအရေးယူနိုင်ခြင်းမရှိ၍ ထိုကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်းနှင့် ဥပဒေမဲ့ တားဆီးခြိမ်းခြောက်နေခြင်းများအား အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

 

 

Most Read

Most Recent