စစ်ကိုင်းပြတ်ရွေ့ပေါ်တွင်ရှိပြီး လူဦးရေထူထပ်သည့် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီး၌ အဆောက်အအုံများ ဆောက်လုပ်ပါက Seismic Loading ကို မဖြစ်မနေ ထည့်သွင်းတွက်ချက် ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ဒုတိယဝန်ကြီး တိုက်တွန်း

စစ်ကိုင်းပြတ်ရွေ့ပေါ်တွင်ရှိပြီး လူဦးရေထူထပ်သည့် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီး၌ အဆောက်အအုံများ ဆောက်လုပ်ပါက Seismic Loading ကို မဖြစ်မနေ ထည့်သွင်းတွက်ချက် ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ဒုတိယဝန်ကြီး တိုက်တွန်း
Published 27 February 2018

စစ်ကိုင်းပြတ်ရွေ့ပေါ်တွင်ရှိပြီး လူဦးရေထူထပ်သည့် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးများတွင် အဆောက်အအုံများ ဆောက်လုပ်ပါက Seismic Loading ကို မဖြစ်မနေ ထည့်သွင်းတွက်ချက် ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တိုက်တွန်း ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆောက်အအုံ ဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဧပြီမှစတင်ကာ Regulatory Body ပြောင်းလဲပြီးသည့်နောက်ပိုင်း အဆောက်အအုံ လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်မည် မဟုတ်ဘဲ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်များက တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားကာ လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးကျော်လင်းက “ဒီနေရာမှာ ဝန်ကြီးဌာနတွေကို အကြံပြုလိုတာ ရှိပါတယ်။ ဝန်ကြီးဌာနတွေ အနေနဲ့ အဆောက်အအုံတွေ တည်ဆောက်ရာမှာ Seismic Loading ကို ထည့်သွင်းတွက်ချက်ပေးဖို့ အကြံပြုလိုပါတယ်။ မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းဒေသကြီး တစ်ခုသာ ငလျင်ဇုန်က လွတ်မြောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကျန်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးဟာ ငလျင်ဇုန်အတွင်းမှာ အနည်းနဲ့အများ သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် စစ်ကိုင်း Fault ကြီးရဲ့ အပေါ်မှာ ရှိနေပြီးတော့ လူဦးရေထူထပ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတွေမှာ အဆောက်အအုံတွေ ဆောက်လုပ်မယ်ဆိုရင် Seismic Loading ကို မဖြစ်မနေ ထည့်သွင်းတွက်ချက် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင်ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ PAE နှုန်းထားများသည် ဒီဇိုင်းပေါ်မူတည်ပြီး ကွဲပြားခြင်းဖြစ်ကြောင်း၊ Ultimate Strength Design Method မှာလည်း Seismic မြေငလျင်ကိစ္စ ထည့်သွင်းတွက်ချက်ခြင်း၊ မတွက်ချက်ခြင်းပေါ် မူတည်ပြီး Reinforcement ရာခိုင်နှုန်း ၂၀ ခန့် ကွာခြားနိုင်ကြောင်း၊ ထို့ပြင် အောက်ခံမြေသား ကောင်းမွန်မှု အခြေအနေပေါ် မူတည်ပြီးလည်း PAE နှုန်းထားများ ပြောင်းလဲနိုင်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကျော်ခန့်ကစပြီး Working Stress Design Method ဖြင့် တွက်ချက်တည်ဆောက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent