Premier Coffee စက်ရုံအလုပ်သမားများ လစာကိစ္စအပါအဝင် အလုပ်သမား အခွင့်အရေးတောင်းဆိုမှုနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းမည်ဖြစ်ပြီး အလုပ်ထုတ်မည်မဟုတ်ကြောင်း ဝန်ထမ်းရေးရာတာဝန်ရှိသူ ပြောကြား

Premier Coffee စက်ရုံအလုပ်သမားများ လစာကိစ္စအပါအဝင် အလုပ်သမား အခွင့်အရေးတောင်းဆိုမှုနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းမည်ဖြစ်ပြီး အလုပ်ထုတ်မည်မဟုတ်ကြောင်း ဝန်ထမ်းရေးရာတာဝန်ရှိသူ ပြောကြား
Published 27 February 2018

ဆန္ဒထုတ်ဖော်နေသည့် ပရီမီယာကော်ဖီစက်ရုံမှ အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ Premier Coffee စက်ရုံအလုပ်သမားများ လစာကိစ္စအပါအဝင် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းသွားမည်ဖြစ်ပြီး အလုပ်ထုတ်မည် မဟုတ်ကြောင်း Premier Coffee စက်ရုံမှ ဝန်ထမ်းရေးရာတာဝန်ရှိသူက ဖေဖော်ဝါရီ ၂၆ ရက်က မီဒီယာများသို့ ပြောကြားသည်။

ထု့ိပြင် အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းနေစဉ်ကာလအတွင်း အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်သို့ ပြန်လာစေချင်ကြောင်းနှင့် ပြန်လာသည့်အခါတွင်လည်း စည်းမျဉ်းစည်းကမ်းအတိုင်း လက်ခံဖို့ ပြင်ဆင်ထားကြောင်း သိရသည်။

“ကျွန်မတို့က နှစ်ဦးနှစ်ဖက် အဆင်ပြေစေချင်တဲ့ Goal နဲ့ပဲ သွားမှာပါ။ ထိပ်ပိုင်းကလည်း လမ်းညွှန်ပေးထားပါတယ်။ နှစ်ဦးနှစ်ဖက် ဘယ်လိုအဆင်ပြေအောင် သွားရမလဲဆိုတာ  ကျွန်မတို့ ရှာဖွေပြီးတော့ သွားမှာပါ။ ထပ်ပြီးတော့ ညှိနှိုင်းဖို့ရှိတယ်”  ဟု ဝန်ထမ်းရေးရာ တာဝန်ရှိသူက ပြောကြားသည်။

ပရီမီယာကော်ဖီစက်ရုံတွင် အလုပ်သမားပေါင်း ၉၀၀ ဦးခန့်ရှိသည့်အနက် ၆၀၀ ခန့်သည် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ လစာငွေကိစ္စ အပါအဝင် အလုပ်သမားအခွင့်ရေး တောင်းဆိုခဲ့ပြီး တောင်းဆိုချက် ၁၄ ချက်အတွက် လှိုင်သာယာမြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးရုံးတွင် ခြောက်ကြိမ်ထိ ညှိနှိုင်းခဲ့ပြီးသော်လည်း ပြေလည်မှုမရှိသေးကြောင်း၊ ခုနစ်ကြိမ်မြောက် ညှိနှိုင်းမှုအဖြစ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ဖျန်ဖြေရေးရုံး၌ ထပ်မံညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပရီမီယာကော်ဖီစက်ရုံ၏ ဝန်ထမ်းရေးရာ တာဝန်ရှိသူက “ကျွန်မတို့ကုမ္ပဏီမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေအတိုင်း EC စာချုပ်ဆိုတာ ချုပ်ပါတယ်။ EC စာချုပ်ချုပ်ထားတဲ့အချက်တွေကို ဝန်ထမ်းတွေက ပြန်ပြင်ချင်တဲ့အပိုင်းတွေရှိတယ်။ လုပ်ငန်းခွင်ထဲမှာ  ဆုံးဖြတ်ထားတဲ့ကိစ္စတွေမှာ သူတို့ကနေ ပြန်ပြင်ချင်တဲ့အပိုင်းတွေရှိတယ်။ ကုမ္ပဏီကနေ ဆုံးဖြတ်ချက်ထားပြီးသားဖြစ်တယ်၊ ဝန်ထမ်းတွေ သဘောတူ လက်မှတ်ထိုးပြီးသား ဖြစ်တယ်။ အဲဒါကြောင့် ကျွန်မတို့ဘက်က လိုက်လျောလို့ အဆင်မပြေနိုင်တာမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် ခြောက်ကြိမ်လောက် ကြာသွားတဲ့အထိ ဆွေးနွေးညှိနှိုင်းမှုက မပြီးသေးတာပါ ”  ဟု ဆက်လက်ပြောကြားသည်။

ဆန္ဒပြအလုပ်သမား ၆၀၀ ခန့်သည် တောင်းဆိုချက်များအတွက် ပရီမီယာစက်ရုံရှေ့ ဝင်ပေါက်အနီးတွင်  ဆက်လက်ဆန္ဒပြလျက်ရှိပြီး စက်ရုံဘက်မှလည်း စက်ရုံရှေ့ ဆန္ဒပြနေသော အလုပ်သမားများအတွက် ဖေဖော်ဝါရီ ၂၁ ရက်အထိ လုပ်ငန်းခွင်မဝင်ပါက မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်သည်ဟု ပါရှိသည့် အသိပေးအကြောင်းကြားစာကို စက်ရုံရှေ့တွင် ထုတ်ပြန်ထားသည်။

“အစ်မတို့ အလုပ်ထုတ်တာ မဟုတ်ပါဘူး။ ကပ်ထားတယ်ဆိုတာကလည်း ဝန်ထမ်းတွေ ပြန်ဝင်စေချင်တဲ့ဆန္ဒနဲ့ ကပ်ထားတာပါ။ ဖြစ်စဉ်တောက်လျှောက်မှာ ကျွန်မတို့က ဝန်ထမ်းတွေကို ပြန်ဝင်ပါ။ ပြန်လာခဲ့ပါ။ အဲဒီတော့ ပြန်လာဖို့အတွက်ကိုလည်း တောင်းဆိုတယ်။ ပြန်လည်းပြန်လာစေချင်တယ်။ ပြန်လာတဲ့အခါကျရင် ကုမ္ပဏီရဲ့  စည်းမျဉ်းစည်းကမ်းအတိုင်း လက်ခံဖို့ပြင်ဆင်ထားပါတယ်”  ဟု ဝန်ထမ်းရေးရာ တာဝန်ရှိသူက ပြောကြားသည်။

ပရီမီယာကော်ဖီစက်ရုံမှ ဆန္ဒပြအလုပ်သမားများသည် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေမှုများ၊ အငြင်းပွားမှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်က စက်ရုံရှေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် တောင်းဆိုမှုများ ရက်အတန်ကြာသည်အထိ ပြေလည်မှုမရှိသေးသည့်အတွက် အလုပ်သမား ၅၅၀ ခန့်သည် စက်ရုံရှေ့မှစတင်၍ လှိုင်သာယာမြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent