မတ် ၁ ရက်မှ ၄ ရက်အထိ ရုံးပိတ်ရက်ဖြစ်သဖြင့် ရန်ကုန်-မန္တလေး အထူးရထားတစ်စင်း တိုးချဲ့ပြေးဆွဲမည်

မတ် ၁ ရက်မှ ၄ ရက်အထိ ရုံးပိတ်ရက်ဖြစ်သဖြင့် ရန်ကုန်-မန္တလေး အထူးရထားတစ်စင်း တိုးချဲ့ပြေးဆွဲမည်
Published 27 February 2018

အစိုးရရုံးပိတ်ရက် လေးရက်ဆက်တိုက်ပိတ်သဖြင့်  ခရီးသွားပြည်သူများ အဆင်ပြေနိုင်စေရန် ရန်ကုန်-မန္တလေး အထူးရထားတစ်စင်းကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း (၇) မှ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

ရုံးပိတ်ရက်များတွင် နေရပ်ပြန် ခရီးသည်များ အဆင်ပြေစေရန်အတွက် ပုံမှန် ပြေးဆွဲနေသည့် ရထားများကိုလည်း တွဲဆိုင်းများ ထပ်တိုးပေးမည့်အပြင် အထူးရထားအဖြင့်လည်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အထူးရထားပြေးဆွဲမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်မှ မန္တလေးသို့အသွားခရီးစဉ်အဖြစ်လည်းကောင်း၊ မတ် ၄ ရက်တွင် မန္တလေးမှ ရန်ကုန်သို့အပြန် ခရီးစဉ်အဖြစ်လည်းကောင်း အသွားအပြန် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအထူးရထားသည် ရန်ကုန်ဘူတာကြီးမှ ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများအနေဖြင့် ပုံမှန်အတိုင်း ရောင်းချရန် ဆောင်ရွက်ထားပြီး ရိုးရိုးတန်း ကျပ် ၄၆၅၀၊ အထက်တန်း ကျပ် ၉၃၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ယခင်နှစ်များတွင် သြင်္ကန်ရုံးပိတ်ရက်များမှာသာ အထူးရထားပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ပိတ်ရက်များတွင်ပါ စီစဉ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထားခြောက်စင်း၊ စာပို့ ရထားနှစ်စင်းနှင့် ရန်ကုန်-နေပြည်တော် အစုန်အဆန် လေးစင်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent