ဝေဖန်မှုမြင့်တက်ခဲ့သည့် မကွေးတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦး ခန့်အပ်ရန် အဆိုတင်ထားမှုကို တိုင်းဝန်ကြီးချုပ် ပြန်လည်ရုပ်သိမ်း

ဝေဖန်မှုမြင့်တက်ခဲ့သည့် မကွေးတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦး ခန့်အပ်ရန် အဆိုတင်ထားမှုကို တိုင်းဝန်ကြီးချုပ် ပြန်လည်ရုပ်သိမ်း
Published 27 February 2018

ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ၁/၂၀၁၈ အရေးပေါ် အစည်းအဝေး တတိယနေ့ကို တွေ့ရစဉ်

အများပြည်သူ ဝေဖန်မှုမြင့်တက်ခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးနှစ်ဦးနေရာတွင် အစားထိုးခန့်အပ်ရန် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းထားသည့် အဆိုကိုတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ဖေဖော်ဝါရီ ၂၆ ရက်ကကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ၁/၂၀၁၈ အရေးပေါ် အစည်းအဝေး တတိယနေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်လွှာများကိုလည်း ယင်းအစည်းအဝေးတွင်ပင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့က ၎င်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်သည်ကို နိုင်ငံတော်သမ္မတကလည်း ခွင့်ပြုခဲ့သည်။

အဆိုပါ လစ်လပ်ဝန်ကြီးနှစ်ဦးနေရာတွင် မကွေးမြို့မှ ဦးအေးငွေ အသက် ၆၉ နှစ် နှင့် ဦးအောင်ကျော်မိုး အသက် ၆၇ နှစ်တို့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ (၈)နှင့်အညီ တာဝန်ပေးအပ်လိုကြောင်း ဒေါက်တာအောင်မိုးညို၏ ကိုယ်စား တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည့် မကွေးတိုင်းဒေသကြီး လွှတ်တော် ၁/၂၀၁၈ အရေးပေါ်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့ကြောင်း၊ ဝန်ကြီးအဖြစ်ခန့်အပ်ရန် တင်သွင်းခဲ့သူနှစ်ဦးနှင့်ပတ်သက်၍ မကွေးတိုင်းအတွင်း ပြည်သူများက ဝေဖန်မှုများ မြင့်တက်ခဲ့သောကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ၁/၂၀၁၈ အရေးပေါ် အစည်းအဝေးဒုတိယနေ့တွင် အဆိုပါတင်သွင်းလာသည့် ဝန်ကြီးအသစ်နှစ်ဦးအား ကန့်ကွက်သည့်အဆို တင်ခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က သူ၏အဆိုပြုတင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“ဝန်ကြီးနှစ်ဦးခန့်အပ်ဖို့ တင်သွင်းတာကို ပြည်သူတွေက မနှစ်သက်ဘူးကြားလို့ လွှတ်တော်အသံ ပြည်သူ့အသံဆို ပြန်ရုပ်သိမ်းခဲ့တာပါ။ ကျန်တာကတော့ ဥပဒေအရ ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက် ကျွန်တော် ဘာမှပြောလို့ မရသေးပါဘူး”ဟု တိုင်း ဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့သို့ တက်ရောက်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝသယံဇာတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်က မီဒီယာများသို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှထွန်းက “တိုင်းရင်းသားဒေသတွေမှာ အရင်ထက်  လမ်းတွေကောင်းလာတာ ရှိပေမယ့် သွားလာရေး ခက်ခဲမှုတွေ ရှိနေပါသေးတယ်။ တောင်ပေါ်ဒေသတွေမှာ သီးနှံတွေစိုက်ပျိုးဖြစ်ထွန်း နေပါတယ်။ ဖြစ်ထွန်းပေမယ့် အဲဒါတွေကို ပိုပြီးအဆင်ပြေခေတ်မီအောင်၊ နောက်ပြီးတော့ နိုင်ငံတကာကို ပို့နိုင်တဲ့အဆင့်မီအောင် လုပ်ပေးနိုင်မယ့် အကြံအစည်နဲ့၊ အကြံဉာဏ်တွေနဲ့၊ လုပ်ဆောင်ချက်တွေနဲ့ ဆောင်ရွက်ပေးမယ့် ဝန်ကြီးတစ်ဦးတော့ ရှိသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က “မကွေးတိုင်းထဲမှာ လယ်ယာမြေ ပြဿနာတွေကို အများဆုံးဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်ဖြေရှင်းစရာတွေလည်း အများကြီးရှိနေပါသေးတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ကဏ္ဍကလည်း အရေးကြီးပါတယ်။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ ဒီဘက်မှာ ကျွန်မတို့ရဲ့လုပ်ငန်းဆောင်တာတွေက ပြည်သူတွေ လက်ခံနိုင်တဲ့အ တိုင်းအတာတွေရဖို့ ကြိုးစားဖို့ လိုပါတယ်။ ဒီကိစ္စကို ဆောင်ရွက်မယ့်သူက တောင်သူတွေရဲ့ အခက်အခဲတွေကို အဓိက အရေးထားဆောင်ရွက်ပေးနိုင်မယ့်သူမျိုး လိုချင်ပါတယ်။ ပြည်သူက မလိုလားတဲ့ ဝန်ကြီး နှစ်ပါးကို ပြန်ပြီးရုပ်သိမ်းသွားတဲ့အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပါတယ်”ဟု မီဒီယာများသို့ ပြောကြားသည်။

ဝန်ကြီးအသစ်အဖြစ် အဆိုတင်သွင်းခံခဲ့ရသူများအနက် ဦးအောင်ကျော်မိုးသည် လက်ထောက်ပညာရေးမှူးမှ အနားယူခဲ့ကြောင်း၊ သူသည် ယခင်က အလယ်တန်းပြ ကျောင်းဆရာ (ယခု) ဂန့်ဂေါအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင် အလုပ်ထုတ် ခံခဲ့ရသည့်ဖြစ်စဉ်တွင် စစ်ဆေးခဲ့သည့်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ခဲ့သောကြောင့် မကွေးတိုင်းအတွင်း ပြည်သူအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးအဖြစ် အဆိုတင်သွင်းခံခဲ့ရသည့် ဦးအေးငွေသည် မကွေးမြို့ အောင်မေတ္တာရပ်ကွက်၌ နေထိုင်လျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတိုင်ပင်ခံအင်ဂျင်နီယာများ အဖွဲ့ခွဲတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လက်ရှိ တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ယခင်က ဆည်မြောင်းဦးစီးဌာနဦးစီးအရာရှိ မှ ညွှန်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent