ဆက်သွယ်ရေး အော်ပရေတာများ၏ အစီအစဉ်များအပေါ် ကန့်သတ်ထားမှု မရှိသော်လည်း အနိမ့်ဆုံးဈေးနှုန်းနှင့် အမြင့်ဆုံးဈေးနှုန်းအကြား သတ်မှတ်ချက်ရှိနေ

ဆက်သွယ်ရေး အော်ပရေတာများ၏ အစီအစဉ်များအပေါ် ကန့်သတ်ထားမှု မရှိသော်လည်း အနိမ့်ဆုံးဈေးနှုန်းနှင့် အမြင့်ဆုံးဈေးနှုန်းအကြား သတ်မှတ်ချက်ရှိနေ
Published 13 August 2017

ဆက်သွယ်ရေးအော်ပရေတာများ အစီအစဉ်များနှင့်ပတ်သက်၍ ကန့်သတ်ထားမှု မရှိသော်လည်း အနိမ့်ဆုံးဈေးနှုန်းနှင့် အမြင့်ဆုံးဈေးနှုန်းအကြား သတ်မှတ်ထားချက်ရှိနေကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ကမ်းလှမ်းမှုတွေ၊ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အနည်းဆုံး သတ်မှတ်ထားတဲ့ဈေးနှုန်းအောက် လျော့သွားလို့မရတာမျိုးတော့ ရှိတယ်။ ဥပမာ အင်တာနက်နှုန်းထားမှာ 1 MB ကို တစ်ကျပ်အောက် လျော့လို့မရဘူးဆိုရင် 60 GB Plan ဆိုရင်လည်း ကျပ်ခြောက်သောင်းတော့ အနည်းဆုံး ရှိရမယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုး သတ်မှတ်ထားရတာက နိုင်ငံတကာမှာလည်း ဈေးတွေ အရမ်းလျှော့ပြီးတဲ့နောက် အရည်အသွေးကျဆင်းပြီး ဝန်ဆောင် မှုတွေ မကောင်းတော့တာမျိုး၊ အဖြစ်လောက်ပဲ လုပ်နေတာမျိုး ဖြစ်သွားတာတွေရှိတယ်။ ဒီလိုမဖြစ်ရအောင်၊ မတန်တဆဈေးတွေ မတင်ရအောင် အနည်းဆုံး ဘယ်လောက်ကနေ အများဆုံး ဘယ်လောက်အတွင်းနှုန်းထားမျိုး ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒီသတ်မှတ်ချက်ကလည်း ပုံသေချည်း မဟုတ်ဘဲ သူ့အစီအစဉ်သက်သက်ဆိုရင်တစ်မျိုး၊ တခြားအစီအစဉ်တွေနဲ့ တွဲဖက်ရင်တစ်မျိုး စသဖြင့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါကြောင့် အင်တာနက်နှုန်းထားမှာ အနည်းဆုံးသတ်မှတ်ချက်က ဘယ်လောက်လဲလို့မေးရင် ဖြေဖို့ခက်ပါတယ်။ အစီအစဉ်တွေအပေါ်မူတည်ပြီး အနည်းဆုံးသတ်မှတ်ချက်မှာ ကွာခြားမှုတွေရှိနေလို့ပါ” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ တယ်လီနောနှင့် အူရီဒူးတို့အနေဖြင့် အင်တာနက်အစီအစဉ်များကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခင် 120 GB, 130 GB အထိရယူနိုင်သော အင်တာနက်အစီအစဉ်များ မရှိတော့ဘဲ ဒေတာပမာဏအများဆုံး အင်တာနက်အစီ အစဉ်မှာ 20 GB အထိသာ ရှိတော့ကြောင်း သိရသည်။

 

 

Most Recent