ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းနယ်နိမိတ် သတ်မှတ်ချက် ထုတ်ပြန်

ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းနယ်နိမိတ် သတ်မှတ်ချက် ထုတ်ပြန်
Published 13 August 2017

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြန်မာ နိုင်ငံအတွင်း အသုံးပြုနေသည့် လမ်းအမျိုးအစားများအားလုံးအတွက် လမ်းနယ်နိမိတ် သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အတွင်း အမြန်လမ်းမကြီး၊ အထူးသတ်မှတ်လမ်းများ၊ အထူးမြို့ပတ်လမ်း၊ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များဆက်သွယ်သည့် လမ်း၊ ခရိုင်၊ မြို့နယ်များ ဆက်သွယ်သည့်လမ်းနှင့် မြို့နယ် -ကျေးရွာများဆက်သွယ်သည့် လမ်းများ၏ နယ်နိမိတ်သတ်မှတ်ချက်များ ပါရှိခဲ့သည်။

လမ်းအဆင့်အတန်းအရ အမြန်လမ်းမကြီး၏ လမ်းနယ်နိမိတ်အကျယ်မှာ ၁၂၂ မီတာ၊ အထူးသတ်မှတ်လမ်းများ/အထူးမြို့ပတ်လမ်း၏ လမ်းနယ်နိမိတ်အကျယ်မှာ ၉၁  ဒသမ ၄၄ မီတာ၊ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၏ လမ်းနယ်နိမိတ်အကျယ်မှာ မီတာ ၇၀ ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး၏ လမ်းနယ်နိမိတ်မှာ ၄၅ ဒသမ ၇၅ မီတာ၊ တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်သည့်လမ်း၏ လမ်းနယ်နိမိတ်အကျယ်မှာ ၄၅ ဒသမ ၇၅ မီတာ၊ ခရိုင်/မြို့နယ်များ ဆက်သွယ်သည့် လမ်း၏ လမ်းနယ်နိမိတ်အကျယ်မှာ ၄၅ ဒသမ ၇၅ မီတာနှင့် မြို့နယ်-ကျေးရွာဆက်သွယ်သည့် လမ်း၏ လမ်းနယ်နိမိတ်အကျယ်မှာ ၃၀ ဒသမ ၅ မီတာဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများရှိ လမ်းအဆင့်အတန်းများနှင့်တူညီစေရန် နိုင်ငံချင်းဆက်လမ်းမများ၊ အမြန်လမ်းမကြီးများ၊ ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဆက်သွယ်သည့်လမ်းများ၊ ခရိုင်၊ မြို့နယ်ချင်းဆက် လမ်းများနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေး ရွာချင်းဆက်လမ်းများ၏ လမ်းနယ်နိမိတ် သတ်မှတ်ချက်များကို တိုးချဲ့သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် World Road Association အဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် အာဆီယံနိုင်ငံများ၌ ကျင့်သုံးနေသည့် လမ်းများနှင့်အညီ ဖြစ်စေရန် လမ်းနယ်နိမိတ်ပြင်ဆင်ခြင်းကို တိုးချဲ့သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခု တိုးချဲ့ သတ်မှတ်လိုက်သည့် လမ်းနယ်နိမိတ်ကြောင့် မလွတ်ကင်းနိုင်သည့် နေအိမ်များရှိသဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်နောက်ပိုင်းတွင် တည်ဆောက်ခဲ့သည့် နေအိမ်များကို လမ်းမကြီး ဥပဒေအရ သက်ဆိုင်ရာမှ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent