မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဒေသခံ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဒေသခံ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်
Published 26 February 2018

ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်နေသည့် ထနောင်းတိုင်ကျေးရွာမှ ဒေသခံအချို့အား တွေ့ရစဉ်

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာမှ ဒေသခံအင်အား ၂၀၀ ခန့်က ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဖေဖော်ဝါရီ ၂၅ ရက်က မြင်းခြံမြို့၌ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာမှ ဒေသခံများက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ်သည့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှ ရလဒ်အား အသိအမှတ်မပြုခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးကို ထုတ်ပယ်ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲပြုလုပ်ပြီးတဲ့အချိန်မှာ ကြီးကြပ်ရေးအဖွဲ့ဝင်က တစ်ဦးကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်ကရှိခဲ့တဲ့ ခြေချုပ်ကို အကြောင်းပြပြီးတော့ သူ့ကိုထုတ်ပယ်ပြီး အစကနေ ပြန်စခိုင်းတယ်။ ကြီးကြပ် ရေးအဖွဲ့ဝင် ဦးခင်မောင်စီကို ထုတ်ပယ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေမှာ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ နာမည်တွေကပါနေတယ်။ ဒါကြောင့် နာမည်တပ်ပြီး ပြရတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာလုပ်တဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ကျွန်တော်က မဲ ၃၉၁ မဲပါတယ်။ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးနေစိုးက ၂၇ မဲပဲရပါတယ်။ ပြည်သူတွေက ဒီရလဒ်ကိုပဲ အတည်ပြုပေးစေချင်တာပါ။ အဲဒီအတွက်ကြောင့် ဆန္ဒထုတ်ဖော်ကြတာပါ”ဟု မြင်းခြံမြို့နယ် ထနောင်းတိုင်ရွာမှ ကိုနေမင်းကျော်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့ နာရီစင်အနီး စုဝေးပြီး “ပြည်သူရွေးချယ်ထားသော ထနောင်းတိုင်ကျေးရွာအုပ်ချုပ်ရေးမှူးအား အတည်ပြုပေး ရေး ၊ ရပ်/ ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော ခရိုင်အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရပ်/ ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရပ်/ ကျေးဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့ အလို မရှိနှင့် ရပ်/ ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ် အလိုမရှိ” စသည့် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် မြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ခံရသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က မိမိတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ခွင့်မရှိကြောင်း၊ ထနောင်းတိုင် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း ကိစ္စတွင် ယှဉ်ပြိုင်သူနှစ်ဦးမှ တိုင်ကြားမှုများရှိကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နှစ်ဖက်တိုင်ကြားသူများအား တွေ့ဆုံညှိနှိုင်းပေးမှုများသာ ဆောင်ရွက်ပေးခဲ့ကြောင်း ဖြေကြားသည်။

ဆန္ဒထုတ်ဖော်ခံရသည့် မြင်းခြံမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်အား ဆက်သွယ်မေးမြန်းရာ “လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့ ဖြေကြားသည့်အတိုင်းသာဖြစ်ကြောင်း” ပြန်လည်ဖြေကြားသည်။

Most Read

Most Recent