သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အရ ထိခိုက်မှုအနည်းဆုံး ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အရ ထိခိုက်မှုအနည်းဆုံး ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 26 February 2018

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အရ ရေအားလျှပ်စစ်စီမံကိန်းများအား  ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရှေးဦးစွာ ဦးဝင်းခိုင်က လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ် ၃၀၀၀ မှ နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ အား သုံးနှစ်အတွင်း တိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များစွာဖြင့် နေထိုင်ခဲ့သောကာလမှာ များစွာကြာပြီဖြစ်ပါကြောင်း၊ သို့ပါ၍ နောက်ထပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၀၀၀ မဂ္ဂါဝပ်အား သုံးနှစ်အတွင်း ထုတ်လုပ်နိုင်ရေး စတင်ဆောင်ရွက်ရန် အသိပေး ပြောကြားခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းများနှင့်အတူ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ရေးအတွက် ဓာတ်အားလိုင်းအသစ်များအား (500)kv စနစ်များဖြင့် စတင်တည်ဆောက်ရန် စီစဉ်ခဲ့ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းပြည်၏ ဘဏ္ဍာငွေအပေါ်  မှီခိုဆောင်ရွက်ခြင်းမပြုဘဲ  Private Sector က တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာချိန်တွင် စုစုပေါင်း ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး အချိန်ကာလအရ တစ်ပြိုင်နက်တည်း စီမံဆောင်ရွက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ နိုင်ငံတော်တွင် များစွာရှိပါကြောင်း၊ ယခင်သဘောတူချုပ်ဆိုခဲ့သော MOU များအရ Install Capacity ၄၈၀၀၀ မဂ္ဂါဝပ်ရှိသည်ဟု ဖော်ပြနိုင်သော်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါကြောင်း ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အရ ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ် စီမံကိန်းများအား စနစ်တကျ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အနှောင့်အယှက် အတားအဆီးများ ပေါ်ပေါက်လာသည်ကို သတိထားရန် အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အိမ်သုံးနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများ အားလုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် Link Area များ သတ်မှတ်ဆောင်ရွက်မှုအား ကာလတိုအနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအား Master Plan မဟာစီမံကိန်းအား တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းကဏ္ဍနှစ်ရပ်လုံးအတွက် ၂၀၂၀ စီမံချက်နှင့် ၂၀၂၅ စီမံချက်များအား နိုင်ငံတော်သို့ တင်ပြ အတည်ပြုဆောင်ရွက်လျက် ရှိပါကြောင်း၊ စက်မှုဇုန်များအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို Phase by Phase အဆင့်ဆင့်ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့တင်ပြ ဆွေးနွေးမှုများအရလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးအပိုင်းတွင် ရာခိုင်နှုန်း ၆၀ သော ကျေးလက်နေ ပြည်သူများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် Gird Extension ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ Mini and Micro Hydro, Tidal Plan စသည်တို့အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက လျှပ်စစ်ဓာတ်အား လိုအပ်မှုမှာ နိုင်ငံ၏ ရာခိုင်နှုန်း ၄၀ ဖြစ်ပြီး အဆိုပါ အရပ်ဒေသများတွင် လူဦးရေ ထူထပ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ များပြားခြင်း၊ စီးပွားရေးဒေသများ ဖြစ်ခြင်းတို့ကြောင့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အဆိုပါ ဒေသများအတွက် တိုးမြှင့်လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးနိုင်ရေးအတွက် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ပြောကြားသည်။

Most Read

Most Recent