ထားဝယ်မြို့နယ်ရှိ မေတ္တာမြို့တွင် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) ဖွဲ့စည်းရန် ပြည်ထောင်စုအဆင့်သို့ တင်ပြထား

ထားဝယ်မြို့နယ်ရှိ မေတ္တာမြို့တွင် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) ဖွဲ့စည်းရန် ပြည်ထောင်စုအဆင့်သို့ တင်ပြထား
Published 25 February 2018

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မေတ္တာမြို့တွင် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) ဖွဲ့စည်းရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ထံ တင်ပြထားကြောင်း သိရသည်။

မေတ္တာမြို့တွင် အသစ်ဖွင့်လှစ်ရန် စီစဉ်နေသည့် (JMC-L) အတွက် တိုင်းဒေသကြီးအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) က အသိအမှတ်ပြုပါက စတင်ဖွဲ့စည်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ဒုဥက္ကဋ္ဌ(၂)ဖြစ်သူ ဖာသာဂျိုးဇက်သိန်းခင်က “JMC-L ကို မေတ္တာမှာဖွင့်ဖို့အတွက် JMC-U ကို တင်ပြထားတယ်။ JMC-U က သူတို့လက်ခံပြီး သဘောကျတယ်ဆို ရင်ဖွင့်လို့ရပြီ။ ဒါကြောင့် ကျွန်တော်တို့ တနင်္သာရီတိုင်းကအဆင်သင့် ဖြစ်နေပြီ။ ဒါပေမဲ့ JMC-U က အသိအမှတ်ပြုမှ ကျွန်တော်တို့ဖွင့်မှာပါ။ (JMC-L ဖွင့်နိုင်မည့်ရက်) ယူဆထားတာက JMC-U ရဲ့ လုပ်ငန်းအပေါ် မူတည်တယ်။ သူတို့အစည်းအဝေးပြီးတဲ့ ဆုံးဖြတ်ချက်ချလို့ရှိရင် အလျင်အမြန် လုပ်နိုင်တယ်။ အချိန်အနေနဲ့တော့ ကျွန်တော်တို့ပြောလို့မရဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျွန်တော်တို့က လိုက်နာရမှာဖြစ်တယ်” ဟု ပြောကြားသည်။

အသစ်ဖွဲ့စည်းမည့် JMC-L ၏ တာဝန်သည် အောက်ခြေတွင်ရှိသည့် လူအများနှင့် အထိအတွေ့ဆုံး ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ဖြစ်လာသည့် ပြဿနာများကို သက်ဆိုင်ရာ JMC-S (တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) နှင့် JMC-U တို့ကို ချက်ချင်းတိုင်ကြားရန် အခွင့်အရေးရှိကြောင်း၊ ၎င်းတို့မှာ အခြေခံဖြစ်သည့်အတွက် သေချာသော အချက်အလက်များ ရရှိနိုင်သဖြင့် အားကိုးရနိုင်ကြောင်း ဖာသာဂျိုးဇက်သိန်းခင်က ပြောကြားသည်။

JMC-L ကို အစိုးရအဖွဲ့မှ ကိုယ်စားလှယ်သုံးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်သုံးဦးနှင့် အရပ်သားကိုယ်စားလှယ် နှစ်ဦး စုစုပေါင်းရှစ်ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

လက်ရှိတွင် JMC-L ကို ထားဝယ်မြို့နယ်ရှိ မေတ္တာမြို့တွင် ဖွင့်လှစ်ရန် တင်ပြထားသည့်အပြင် မြိတ်ခရိုင်ရှိ ပုလောမြို့နယ်နှင့် ထားဝယ်ခရိုင်ရှိ ရေဖြူမြို့နယ်တို့တွင်လည်း ဖွင့်လှစ်ရန်လျာထားပြီးဖြစ်၍ မေတ္တာမြို့တွင် ဖွင့်လှစ်ပြီးမှသာ ကျန်ရှိသည့်နေရာများကို တစ်ခုချင်း ထပ်မံဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း ဖာသာဂျိုးဇက်သိန်းခင်က ဆက်လက်ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ပြီးခဲ့သည့်အစိုးရလက်ထက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ဆွေးနွေးပွဲ (၁၈) ကြိမ် ဆောင်ရွက်ပြီးဖြစ်ကာ ပြဿနာ အသေးအမွှားအနေဖြင့် တပ်ဘက်နှင့် ပတ်သက်သည့် ပြဿနာအချို့သာရှိပြီး ကြီးကြီးမားမား ဖြေရှင်းခဲ့ရသည့် ပြဿနာမရှိကြောင်း၊ JMC-S အနေဖြင့် တပ်များနှင့်ပတ်သက်၍ ဖြစ်ပွားသည့်ပြဿနာများကို စစ်ဆေးပြီး အရေးယူခြင်းဖြစ်ကာ ဖြစ်လာသည့် jပဿနာမှာတပ်များနှင့် မဆိုင်ဘဲ ဌာနများနှင့် သက်ဆိုင်ပါက ဌာနများကို အရေးယူမှုဆောင်ရွက်ပြီး JMC-S အနေဖြင့် စက္ကန့်နှင့်အမျှ ဖြစ်ပွားသည့်ပြဿနာများကို ဖြေရှင်းစိစစ်ခြင်းဖြစ်ကြောင်း ဖာသာဂျိုးဇက်သိန်းခင်က ပြောကြားသည်။

လက်ရှိတွင် JMC-S ဆွေးနွေးပွဲများကို မြို့နယ်အလိုက် ဆောင်ရွက်နေပြီး အချို့နေရာများတွင် ဖိတ်ခေါ်မှုနှင့် လိုအပ်ချက်အပေါ် မူတည်၍ လူထုနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ပေးနေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ငြိမ်းချမ်းရေး အခြေအနေဖြင့် တပ်ပိုင်းဆိုင်ရာ ပြဿနာ အကြီးအကျယ် အထွေအထူး မရှိခဲ့ဘဲ ပုဂ္ဂိုလ်တစ်ဦးချင်း ပြဿနာများသာရှိပြီး အဖွဲ့လိုက်ပြဿနာ သိပ်မရှိကြောင်း ဖာသာဂျိုးဇက်သိန်းခင်က ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များကို တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီး ဒေသဆိုင်ရာအဆင့် (JMC-L) များကို ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နှင့် ကရင်ပြည်နယ် ဖာပွန်မြို့တို့တွင် ဖွဲ့စည်းထားကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ခုက ၂၀၁၅ ခု နှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ လျော့ကျရပ်စဲစေရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အထောက်အကူဖြစ်နေရန် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းကော်မတီတွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် အရပ်သားကိုယ်စားလှယ်များဖြင့် ပူးပေါင်းဖွဲ့စည်းထားပြီး ပြည်ထောင်စုအဆင့်တွင် ၂၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ၁၄ ဦးနှင့် ဒေသဆိုင်ရာအဆင့်တွင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားကာ လိုအပ်ပါက အဖွဲ့ဝင်ဦးရေတိုးမြှင့်နိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီတို့ရှိပြီး ပြီးခဲ့သည့်နှစ်အတွင်းက နှစ်ဖက်တပ်ဖွဲ့များ နယ်မြေအပိုင်းအခြားသတ်မှတ်မှု ပြဿနာဖြစ်ပေါ်နေသည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် နယ်စပ်အနီးတွင် နှစ်ဖက်တပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံ၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုစဉ်က KNU သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးဖြစ်၍ မွန်ပြည်သစ်ပါတီမှာ လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က မွန်ပြည်သစ်ပါတီသည် လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့်အတူ NCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Most Read

Most Recent