ဖေဖော်ဝါရီလကုန်မှစ၍ သက်ငယ်မုဒိမ်းမှု အပါအဝင် ပြစ်မှုကြီးများကို ထိရောက်ဟန့်တားသည့် လုပ်ငန်းစဉ်ဖြစ်ရန် အလေးထား ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

ဖေဖော်ဝါရီလကုန်မှစ၍ သက်ငယ်မုဒိမ်းမှု အပါအဝင် ပြစ်မှုကြီးများကို ထိရောက်ဟန့်တားသည့် လုပ်ငန်းစဉ်ဖြစ်ရန် အလေးထား ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 25 February 2018

ဖေဖော်ဝါရီလကုန်မှစ၍ သက်ငယ်မုဒိမ်းမှု အပါအဝင် ပြစ်မှုကြီးများကို ထိရောက်ဟန့်တားသည့် လုပ်ငန်းစဉ်ဖြစ်ရန် အလေးထား ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးအား သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အခြေအနေကို သတင်းထောက်များက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ကျွန်တော်တို့ ဝန်ကြီးဌာနအားလုံးရော၊ လူမှုအဖွဲ့အစည်း အားလုံးပူးပေါင်းပြီးတော့ အဓိကပြည်သူတွေကို သက်ငယ်မုဒိန်းမှု မဖြစ်အောင် ဘယ်လိုပြုမူ နေထိုင်သင့်တယ်ဆိုတာကို အသိပညာပေးရေးလမ်းစဉ်ကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ နောက်တစ်ချက်က တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သက်ငယ်မုဒိမ်းဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို ဦးစားပေးပြီးတော့ ကျွန်တော်တို့ မှုခင်းကာကွယ်ရေး မဟာဗျူဟာရှိပါတယ်။ ဒါလေးနဲ့အညီ ကျွန်တော်တို့ လေ့လာသုံးသပ်ပြီးတော့ နယ်မြေအလိုက် တိုးမြှင့်ဆောင်ရွက်ဖို့လိုတဲ့ နေရာတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ တစ်ဖက်က ပြစ်ဒဏ်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုနေတာ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ဥပဒေပြင်ဆင်ရေးကတော့ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်အတိုင်း တစ်ဖက်ကတော့ သွားနေတာပေါ့။ ကျွန်တော်တို့ ဖေဖော်ဝါရီလကုန်ကစပြီးတော့ သက်ငယ်မုဒိမ်းမှု အပါအဝင် ပြစ်မှုကြီးတွေအတွက်ကို ကျွန်တော်တို့ မှုခင်းကာကွယ်ရေး မဟာဗျူဟာကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လေ့လာသုံးသပ်ပြီးတော့ ဒါကို ထိရောက်ဟန့်တားတဲ့ လုပ်ငန်းစဉ်ဖြစ်ပေါ်ဖို့ အလေးထား ဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေဖြစ်ပေါ်တဲ့ အပေါ်မှာလည်း ကျွန်တော်တို့ ကြားသိနေရတာ စိတ်ထဲမှာ မကောင်းပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို အလေးအနက်ထားပြီး နေ့စဉ်ဆောင်ရွက်ထားပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ဆက်လက်၍ “တရားရုံးတွေက တရားရုံးလုပ်ထုံးလုပ်နည်းနဲ့သွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ရှုထောင့်ကနေပြီး ချဉ်းကပ်ပေးပါတယ်။ ခုနကပြောတဲ့ ဆန္ဒဖော်ထုတ်မှုတွေက ကျွန်တော်တို့ပြဋ္ဌာန်းပြီးသား ဥပဒေတွေထဲမှာ တိတိလင်းလင်း ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်ကတော့ အားလုံးမှာ Right ရှိပါတယ်။ ဥပဒေအရ ခွင့်ပြုထားတဲ့ Right တွေ အားလုံးပေါ်မှာ တားမြစ်စရာ အစီအစဉ် မရှိပါဘူး။ သို့သော်လည်း ဥပဒေနဲ့မကိုက်ညီတဲ့ကိစ္စတွေ၊ အများပြည်သူ အနှောင့်အယှက်ဖြစ်တာတွေ၊ မူလလုပ်ငန်းတာဝန်တွေ အပေါ်မှာ အဟန့်အတား ဖြစ်စေတယ် ဆိုတာကိုတော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ ထိန်းသိမ်း ဆောင်ရွက်သွားမှဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများကို သေဒဏ်ပေးရန် လူထုလက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုပြုလုပ်မှုများရှိနေပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်းပြုကျင့်ခံရသည့် အမှုများသည် ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှုဖြစ်သည့်အတွက် ပြီးခဲ့သည့် နှစ်ကထက် ၂၂၆ မှု တိုးလာကြောင်း သိရသည်။

Most Read

Most Recent