မြေ ၂ ဒသမ ၃ ဧကကို ကျပ်သိန်းပေါင်း ၃၉၅၀ ဖြင့်ရောင်းချသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အတွင်းရေးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားပြီး အမှုတွဲပါဝင်သူ ဝန်ထမ်းများကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူပေးရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြား

မြေ ၂ ဒသမ ၃ ဧကကို ကျပ်သိန်းပေါင်း ၃၉၅၀ ဖြင့်ရောင်းချသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အတွင်းရေးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားပြီး အမှုတွဲပါဝင်သူ ဝန်ထမ်းများကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူပေးရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြား
Published 13 August 2017

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-၁၈)၊ ဧရိယာမြေ ၂ ဒသမ ၃ ဧကကို ကျပ်သိန်းပေါင်း ၃၉၅၀ ဖြင့်ရောင်းချသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အတွင်းရေးမှူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖြင့် တရားစွဲဆိုထားပြီး အမှုတွဲပါဝင်သူ ဝန်ထမ်းများကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူပေးရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထား ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ နစ်နာသူက ၎င်းပိုင်ဆိုင်သော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-၁၈)၊ ဧရိယာ၂ ဒသမ ၃၀ ဧကကို စောင့်ရှောက်ရန်အတွက် စာရွက်စာတမ်းများဖြင့် တရားဝင် ပြန်လည်လွှဲအပ်ခြင်းခံရသူမှ ဆေးကုသမှု ခံယူနေစဉ်အတွင်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင်သည် မည်သူ့မှ အသိပေးအကြောင်းကြားခြင်း မပြုဘဲ ၎င်းမြေကွက်၏ ပုံစံ (၇) အား တရားမဝင် ထုတ်ယူခဲ့ကာ ပုံစံ (၇) စာရွက်စာတမ်းများကို အကြောင်းပြု၍ မြေဝယ်ယူသူထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၃၉၅၀ တိတိအား လက်ခံရယူခဲ့ခြင်းအပေါ် အရေးယူပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်သည် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကွင်းအမှတ် (၁၇၆-က)၊ ဇရပ်ကွင်း၊ ဦးပိုင်အမှတ် (N-၃၆၃)၊ ဧရိယာ နှစ်ဧကဟု မြေကွက်ကို ဝန်ခံချက်နှင့် တင်ပြချက်ပုံစံပါ လက်ရေးလက်မှတ်မတူ၊ အချက်အလက်များ ပြည့်စုံမှုမရှိဘဲ ၎င်း၏အမည်ဖြင့် ပုံစံ (၇) ထုတ်ယူပြီး ရောင်းချခဲ့ခြင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ ရာထူးအာဏာနှင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်များကို အသုံးပြု၍  အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်းနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ေ၀ (ယခု အငြိမ်း စား) သည် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ဦးကျော်သူရလှိုင်က ပုံစံ (၁)လျှောက်လွှာတွင် မမှန်မကန်ဖြည့်စွက်ဖော်ပြကာ ပုံစံ (၇) လျှောက်ထားတင်ပြမှုအပေါ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ခြင်းမရှိဘဲ ဆက်လက်ထောက်ခံကာ ပုံစံ (၇) ကို  ကိုယ်တိုင်လက်မှတ်ရေးထိုးထုတ် ပေးခဲ့ခြင်းသည် ၎င်း၏ အခွင့်အာဏာကို အသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးဦးမြင့်ေ၀ (ယခု အငြိမ်းစား) သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ လည်းကောင်း မွန်ပြည်နယ်တရားလွှတ်တော်တွင် ဇူလိုင် ၃၁ ရက်က တရားစွဲဆိုအရေး ယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင် ဦးကြေးမုံ (ကျေးရွာထွေအုပ်စာရေး)၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးကျော်ထိန်စိုးနှင့် လက်ထောက်ဦးစီးမှူး ဦးစိုးမြင့်အောင်၊ ကင်မွန်းချောင်းကျေးရွာ လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များဖြစ်သည့် ဦးသိန်းဝင်းနှင့် ဦးဇော်နိုင်တို့သည် ပုံစံ (၇) လျှောက်ထားမှုအပေါ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀ (ခ) အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။

Most Read

Most Recent