ကျူးဘား-မြန်မာ-လူဇင်ဘတ် သုံးနိုင်ငံပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံအား ကျူးဘားကမ်းလှမ်း

ကျူးဘား-မြန်မာ-လူဇင်ဘတ် သုံးနိုင်ငံပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံအား ကျူးဘားကမ်းလှမ်း
Published 25 February 2018

ပြည်သူ့ဆေးရုံကြီးတစ်ခုတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် စာရင်းပေးသွင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ကျူးဘား-မြန်မာ-လူဇင်ဘတ် သုံးနိုင်ငံပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံကို ကျူးဘားနိုင်ငံဘက်က ကမ်းလှမ်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကျူးဘားနိုင်ငံသံအမတ်ကြီး H.E. Mr.Hector Conde Almeida ဦးဆောင်သောအဖွဲ့ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တွေ့ဆုံမှုတွင် ကျူးဘားနိုင်ငံ သံအမတ်ကြီးက ကျူးဘားနိုင်ငံ၏ အချိန်တိုအတွင်း ဇီဝပညာ ဖွံ့ဖြိုးတိုးတက်ရရှိမှုများ၊ ကာကွယ်ဆေးနှင့် ကင်ဆာရောဂါကုသသော ဆေးဝါးများ ထုတ်လုပ်နိုင်မှု အခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ကျူးဘားနိုင်ငံသားများကို အားလုံးအခမဲ့ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုသည် ပထမဦးစားပေး ကိစ္စရပ်ဖြစ်သဖြင့် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်မည့် ကျန်းမာရေးညီလာခံကို ကျူးဘားနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း၊ ထိုညီလာခံသို့ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ပေးရန် ဖိတ်ကြားလိုကြောင်းနှင့် ကျူးဘား-မြန်မာ-လူဇင်ဘတ် သုံးနိုင်ငံပူးပေါင်း ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ပြီး ဆေးဘက်ဆိုင်ရာပညာရှင်များ နှစ်နိုင်ငံ အပြန်အလှန် ဖလှယ်ခြင်းကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကျူးဘား-မြန်မာ-လူဇင်ဘတ် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ကို စိတ်ဝင်စားပါကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနေသော ကာကွယ်ဆေးဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ဝယ်ယူသုံးစွဲရန် စဉ်းစားမည်ဖြစ်ကြောင်း၊ ကျူးဘားဆရာဝန် (အထူးကုဆရာဝန်များ) မြန်မာနိုင်ငံသို့ စေလွှတ်ပေးရန်၊ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး ကျန်းမာရေး ညီလာခံသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

Most Read

Most Recent