အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (CEC) ပြန်လည်ရွေးချယ်မည့် ညီလာခံ ယခုနှစ်အတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ (CEC) ပြန်လည်ရွေးချယ်မည့် ညီလာခံ ယခုနှစ်အတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောကြား
Published 25 February 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ (CEC) ပြန်လည်ရွေးချယ်မည့် ညီလာခံကို ယခုနှစ်အတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လစဉ် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျွန်တော့်အနေနဲ့ ဒီနေ့မှာ အဓိကပြောချင်တာက ကျွန်တော်တို့ပါတီ ညီလာခံတစ်ခု လုပ်မယ် စဉ်းစားထားတယ်။ ရက်တွေဘာတွေ သတ်မှတ်ထားတာတော့ မဟုတ်ဘူး။ ခန့်မှန်းခြေကတော့ ဒီနှစ်ထဲမှာ လုပ်မယ်။ ညီလာခံလုပ်မယ်ဆိုရင် ဘာတွေလုပ်သင့်တယ် ဆိုတာကို ဆွေးနွေးတာပါ။ ပါတီညီလာခံကြီးပေါ့။ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်လုပ်ဖို့ မှန်းထားပါတယ်။ ဒီနှစ်ထဲလုပ်နိုင်အောင် ကြိုးစားရမှာပေါ့။ လိုအပ်မယ့်ဟာတွေ ရှာဖွေစုဆောင်းတယ်။ ညီလာခံမှာတော့ စီအီးစီပါ ပြန်ရွေးမှာပေါ့။ အခုအချိန်မှာ အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားတာမှန်သမျှက ၂၀၂၀ ရွေးကောက်ပွဲအတွက်ပါပဲ။ ဦးဝင်းထိန်ကိစ္စ ကျွန်တော် ဘာမှမသိပါဘူး။ နုတ်ထွက်စာ တင်ထားတယ်လို့ သူများတွေ ပြောတာကြားရပါတယ်။ ဘာမှတော့ မသိဘူး။ ကျွန်တော့်ဆီလည်း နုတ်ထွက်စာ မရောက်သေးပါဘူး။ ဒီနေ့ အစည်းအဝေးမှာတော့ ဦးဝင်းထိန်အကြောင်း မဆွေးနွေးပါဘူး။ အစိုးရအဖွဲ့ အပြောင်းအလဲလည်း မရှိပါဘူး”ဟု သတင်းထောက်များအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးညီပု၊ ဦးမန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း အစရှိသူများ တက်ရောက်ခဲ့ပြီး ပြည်ပရောက်နေသည့် ဦးဝင်းထိန် တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေတော့ လုပ်မှာပေါ့။ ဒီလောက် အဖြစ်အပျက်ကြီးဖြစ်ပြီးမှတော့ လုပ်မှာပေါ့။ လုံခြုံရေးပိုင်းကတော့ တိုးမြှင့်ပြီး လုပ်နေမှာပါ။ ဒီလိုဖြစ်စဉ် ဖြစ်တာကတော့ မကောင်းဘူးပေါ့။ ကျွန်တော်တို့ပြည်နယ်က တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးရေးကို လုပ်နေတယ်။ ဒီလိုတွေ ဖြစ်နေတဲ့အခါကျတော့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးရေးအတွက် အများကြီး အနှောင့်အယှက်ဖြစ်တာပေါ့။ ပြည်သူတွေအတွက်လည်း အခက်အခဲ ဖြစ်တာပေါ့။ အဲဒီအတွက် စိတ်မကောင်းဘူး။ အားလုံးဝိုင်းဝန်းပြီးတော့ ပြည်နယ်ဖွံ့ဖြိုးမှုအတွက်ကို လုပ်သင့်တဲ့ ပြည်နယ်ဖြစ်နေပြီးတော့ ဖွံ့ဖြိုးဖို့အတွက် အားလုံးဝိုင်းဝန်း လုပ်ရမှာပေါ့။ ဖမ်းမိထားတဲ့ အကြမ်းဖက်သမားတွေကိုလည်း တရားရုံးအပိုင်းက လုပ်မှာပေါ့။ တရားဥပဒေအရပဲ လုပ်ရမှာပဲ။ ဥပဒေအရ ငြိစွန်းနေရင်တော့ ဥပဒေအတိုင်း လုပ်မှာပေါ့။ ထောင်ချလိုက်တာလည်း ရှိပါတယ်”ဟု သတင်းထောက်များအား ပြောကြားသည်။

ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စီအီးစီအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဇန်နဝါရီ ၂၈ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။

ဦးဝင်းထိန်အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ၎င်း၏သား မင်္ဂလာဆောင်ပြီးသည့်နောက်တွင် သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

Most Read

Most Recent