ဘိလပ်မြေ တန် ၅၀၀၀ ထွက်ရှိမည့် မင်းလွင်တောင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် မင်းလွင်တောင်ကို ကာကွယ်ထိန်းသိမ်းပေးရန် အစိုးရအား ဒေသခံများတောင်းဆို

ဘိလပ်မြေ တန် ၅၀၀၀ ထွက်ရှိမည့် မင်းလွင်တောင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် မင်းလွင်တောင်ကို ကာကွယ်ထိန်းသိမ်းပေးရန် အစိုးရအား ဒေသခံများတောင်းဆို
Published 25 February 2018

မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က မင်းလွင်တောင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ဒေသခံတို့အား ရှင်းပြစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

သထုံမြို့နယ်ရှိ ဘိလပ်မြေ တန် ၅၀၀၀ ထွက်ရှိမည့် မင်းလွင်တောင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် မင်းလွင်တောင်ကို ကာကွယ် ထိန်းသိန်းပေးရန် အစိုးရအား ဒေသခံများက တောင်းဆိုချက်ကို ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (ကိုယ်စား) မင်းလွင်ဒေသ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

မင်းလွင်တောင်အား မင်းလွင်ဒေသခံများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အခန်း (၈) ပုဒ်မ ၃၉၀ အရ နိုင်ငံသားကောင်း ပီသစွာဖြင့် ထိန်းသိမ်းကာကွယ်ခြင်း ပြုလုပ်နေသည်။ ထို့ပြင် တည်ဆဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒ၊ သစ်တောဥပဒေများကိုလည်း နားလည် သဘောပေါက်စွာဖြင့် ထိန်းသိမ်း ကာကွယ်နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မင်းလွင်တောင်တန်းပေါ်တွင် ဓာတုစေတီ၊ စန္ဒာအေးဘုရားများနှင့် တောင်ခြေ၏ အစတွင် မြပတီး၊ အလယ်တွင် မြစေတီဘုရားတို့ကို ရှေး မွန်မြန်မာဘုရင်များ လက်ထက်က တည်ထားကိုးကွယ်ခဲ့သည်။ ထို့ပြင် တောင်အဆုံးတွင် အောင်သမ္ဗုဒ္ဓေ ဘုရားများ ရှိသည်။ တောင်ခြေများတွင် တောရကျောင်းများနှင့် သာသနိက အဆောက်အအုံများ ရှိသည်။ နှစ်စဉ်နှစ်တိုင်း မင်းလွင်တောင်ပိုင် ဘိုးဘိုးကြီး (ဖူးမော်လေး) ကို ရွာသူရွာသားများအနေဖြင့် ပူဇော်သည့် ပွဲတော်များ ကျင်းပသည်မှာ ရာစုနှစ် တစ်ခုကျော်သည့်တိုင်အောင် ရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် မင်းလွင်တောင် ပတ်ဝန်းကျင်တွင် ကျေးရွာစုစုပေါင်း ၁၄ ရွာ ရှိနေပြီး ရွာသူရွာသားများ အနေဖြင့် အခြေခံလိုအပ်သော သစ်တောထွက်များဖြစ်သည့် ဟင်းသီးဟင်းရွက် မှိုမျှစ်ရှာဖွေခြင်းများနှင့် အခြား သစ်ဥသစ်ဖုဆေးမြစ်များကို အဓိကရယူ မှီခိုသဟဲ ပြုကြသည်။ ထိုအရာများကို မှီခိုအသုံးပြုလာသည့် သက်တမ်းနှင့် ကျေးရွာအိမ်ထောင် မိသားစုအားလုံး၏ စားဝတ်နေရေး ဖူလုံမှုကို ဘိုးဘွားအစဉ်အဆက်မှ စတင်၍ ယနေ့တိုင်အောင် စဉ်ဆက်မပြတ် ပံ့ပိုးနေသည်မှာ စီးပွားရေးအကျိုးအမြတ် တွက်ခြေကိုက်မှု ကိန်းဂဏန်းများဖြင့် ဖော်ပြလျှင်ပင် တန်ဖိုးအားလုံးကို ခြုံငုံ တန်ဖိုးဖြတ်ခြင်း ပြုနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

လက်ရှိတွင် ဖြူမင်းထွန်းကုမ္ပဏီက တန် ၅၀၀၀ ထွက်ရှိမည့် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရန် ဘက်ပေါင်းစုံမှ စည်းရုံးသိမ်းသွင်း ကြိုးပမ်းနေသည်ကို တွေ့ရှိရပြီး ထိုသို့ကြိုးပမ်း အားထုတ်မှုပြုရာတွင် ဖွဲ့စည်းပုံအခြေခံပါ နိုင်ငံသားများ၏ အခွင့်အရေးများကို ကျူးလွန် ချိုးဖောက်သည်သာမက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် နိုင်ငံတကာ စံချိန်စံနှုန်းများဖြစ်သော လိုက်နာရမည့် ဌာနေတိုင်းရင်းသားများ အခွင့်အရေးများကိုလည်း လေးစားလိုက်နာမှု မရှိဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် အဆိုပါစီမံကိန်းသည် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ပါ အချက်အလက်များနှင့် လျော်ညီမှုမရှိခြင်း၊ ငြိမ်းချမ်းရေး ယိုယွင်းပျက်စီးမှုဖြစ်စေရန် တွန်းအားပေးခြင်း၊ လူ့အခွင့်အရေး၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုဖြစ်စေရန်နှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးမှု ပျက်စီးစေရန် ရှေးရှု ဦးတည်နေသည့်အတွက် ဒေသခံဌာနေ တိုင်းရင်းသားများမှ မင်းလွင်တောင်ဘိလပ် မြေစက်ရုံ တည်ဆောက်ခြင်း စီမံကိန်းကို လုံး၀ လုံး၀ ကန့်ကွက်ပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိ အစိုးရများမှလည်း ဒေသခံများနှင့်အတူ မင်းလွင်တောင်အား ကူညီ ကာကွယ် ထိန်းသိမ်းပေးပါရန်အပြင် ကုမ္ပဏီအနေဖြင့် စီမံကိန်းကို ရုပ်သိမ်းပြီး ကျေးရွာမှ အပြီးတိုင် ထွက်ခွာပေးပါရန် တောင်းဆိုပါ ကြောင်း ဒေသခံများ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent