လှိုင်သာယာမြို့နယ်၌ ဆယ်ကျော်သက်လူငယ်ချင်း ရည်းစားကိစ္စစကားများရာမှ ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

လှိုင်သာယာမြို့နယ်၌ ဆယ်ကျော်သက်လူငယ်ချင်း ရည်းစားကိစ္စစကားများရာမှ ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး
Published 25 February 2018

လှိုင်သာယာမြို့နယ်တွင် ဆယ်ကျော်သက် လူငယ်အချင်းချင်း သမီးရည်းစားကိစ္စ စကားများရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခန့်တွင် လူငယ်တစ်ဦးဓားထိုးခံရပြီး ရောက်ရှိနေကြောင်းသိရသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ဓားထိုးခံရသူမှာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးထွန်းညိုလမ်းရှိ အစ်ကိုအိမ်သို့ လာရောက်လည်ပတ်သည့် ကို.....(၁၇ နှစ်) ဖြစ်ကြောင်း သိရပြီး ၎င်းကို လှိုင်သာယာမြို့နယ်၊ ဦးထွန်းညိုလမ်း၊ ဖိုးဝအထည်ချုပ်စက်ရုံရှေ့တွင် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးသဖြင့် ဝမ်းဗိုက် ဝဲဘက်ခြမ်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကို လှိုင်သာယာမြို့မရဲစခန်းက (ပ)၇၂၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေရာကို...မှာ ရရှိသည့် ဒဏ်ရာဖြင့် ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်။

ထိုသို့ ကျူးလွန်သူအား စုံစမ်းဆောင်ရွက်ရာ ပြစ်မှုကျူးလွန်မှုတွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) နေ ဝင်းဇော်လတ် (၁၉ နှစ်) နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သည့် ယင်းမြို့နယ် ရေဥက္ကံကျေးရွာနေ ကိုမင်း (ခ) နိုင် ဝင်းဗိုလ်တို့ပါဝင်သည်ကို သိရသည်။

ဖမ်းဆီးရမိရေးဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ဝဇီရာရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အဆိုပါ ဝင်းဇော်လတ်နှင့် နိုင်ဝင်းဗိုလ်တို့ ရောက်ရှိနေကြောင်း သိရသဖြင့် ရဲတာဝန်ရှိသူများ သွားရောက် ဖမ်းဆီးရာ နိုင်ဝင်းဗိုလ်ကို ဖမ်းဆီးရမိခဲ့ပြီး ဝင်းဇော်လတ်မှာ တိမ်းရှောင်သွားခဲ့သည်။

“(နိုင်ဝင်းဗိုလ်ကို စစ်ဆေးတဲ့အချိန်မှာ သူက ၂၂ ရက်နေ့ ညနေပိုင်းမှာ သူ့သူငယ်ချင်း ဝင်းဇော်လတ်နဲ့ အထည်ချုပ်စက်ရုံက အစ်မဝမ်းကွဲတွေကိုကြိုပြီး ပြန်လာတယ်လို့ သိရတယ်။ အဲဒီလိုပြန်လာတဲ့အချိန် ဦးထွန်းညိုလမ်းအရောက်မှာ လူငယ်သုံးဦးနဲ့တွေ့ပြီးတော့ ရည်းစားကိစ္စစကားများရာကနေ နိုင်ဝင်းဗိုလ်က သေဆုံးသူကို ဓားဖြင့်ထိုးခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ပါတယ်။ အကြောင်းရင်း အသေးစိတ်ကိုတော့ စခန်းက ဆက်လက်စစ် ဆေးနေပါတယ်)” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းသို့ ဓားဖြင့်ထိုးပြီးနောက် နိုင်ဝင်းဗိုလ်မှာ ဝင်းဇော်လတ်နှင့်အတူ စက်ဘီးဖြင့် ထွက်ပြေးခဲ့ပြီး ဝဇီရာရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်ထိုင်၍ တိမ်းရှောင်ရန် တိုင်ပင်ခဲ့ကြောင်း၊ ယင်းနောက် ဝင်းဇော်လတ်မှာ နေအိမ်သို့ ပြန်မည်ဟုပြောပြီး ထွက်သွားရာ နိုင်ဝင်းဗိုလ်မှာ လက်ဖက်ရည်ဆိုင်တွင် ဆက်လက်ထိုင်နေစဉ် အဖမ်းခံရခြင်း ဖြစ်သည်။

Most Read

Most Recent