ဦးကိုနီ လုပ်ကြံခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်ကိုဖမ်းမိပါက ပိုမိုကောင်းမွန်သည့် နောက်ကွယ်ကကြိုးကိုင်သူကို ဖော်ထုတ်နိုင်မည်ဟု တရားလိုဘက်မှ ရှေ့နေ ပြောကြား

ဦးကိုနီ လုပ်ကြံခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်ကိုဖမ်းမိပါက ပိုမိုကောင်းမွန်သည့် နောက်ကွယ်ကကြိုးကိုင်သူကို ဖော်ထုတ်နိုင်မည်ဟု တရားလိုဘက်မှ ရှေ့နေ ပြောကြား
Published 25 February 2018

ဦးကိုနီလုပ်ကြံခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိပါက ပိုမိုကောင်းမွန်သည့် နောက်ကွယ်ကကြိုးကိုင်သူကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေတစ်ဦးက ပြောကြားသည်။

အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးနှင့်ပတ်သက်၍ မျှော်လင့်ချက်ရှိ မရှိ သတင်းထောက်များက မေးမြန်းစဉ် တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်) က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးက သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာနရဲ့ အလုပ်လေ။ ကျွန်တော်တို့က မျှော်လင့်ထားသလားဆိုရင် မိစေချင်တယ်။ ဖမ်းမိစေချင်တယ်။ ဖမ်းမိလိုက်လို့ရှိရင် ပိုမိုကောင်းမွန်တဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်နိုင်မှာပေါ့။ အခုဟာက ကြိုးစပြတ်နေတယ်။ ဆိုလိုတာက စီမံကွပ်ကဲတဲ့ အဓိကပျောက်နေတယ်။ အဲဒါအခက်အခဲရှိတယ်” ဟုဖြေကြားသည်။ ယင်းအပြင် အင်းစိန်အောင်စိုး၏ အောင်ဝင်းခိုင် မရှိတော့ဘူးဆိုသည့် သုံးသပ်ချက်နှင့် ပတ်သက်၍လည်း ဦးရောဘတ်စန်းအောင်က “သူတို့ကတော့ သူတို့နယ်ပယ် အတွေ့အကြုံအရတော့ ခန့်မှန်းတာပေါ့။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင်တော့ ရှိနေဦးမှာပါ။ သို့သော် ဘယ်နေရာမှန်းတော့ ကျွန်တော်တို့လည်း မသိဘူး။ ရှိတော့ရှိမှာပါ” ဟု ဦးရော ဘတ်စန်းအောင်က ပြောကြားသည်။

ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေး အောင်ဝင်းခိုင်နှင့်ပတ်သတ်၍ ၎င်းအစ်ကိုတော်စပ်သူ အောင်ဝင်းထွန်းကို ဖေဖော်ဝါရီ ၂၃ ရက် ရုံးချိန်းအပြီးတွင် သတင်းထောက်များက မေးမြန်းခဲ့ကြသည်။

ယင်းထဲမှ မေးခွန်းတစ်ခုဖြစ်သည့် အင်းစိန်အောင်စိုး၏ အောင်ဝင်းခိုင် သေပြီ။ မရှိတော့ဘူးဆိုသည့် မှတ်ချက်နှင့်ပတ်သက်၍  “ကိုယ်က အဆက်အသွယ်မှမရှိတာ။ ထောင်ထဲကကောင်ကို လာပြီးတော့ မေးသလိုဖြစ်နေတယ်လေ။ ညီလေးတို့က အပြင်ထွက်နေရတာလေ။ အစ်ကိုက အခုမှ ထွက်ရတာ ကြောင်တောင်တောင်ကို ဖြစ်နေတယ်။ ခုချိန်ထိကိုလေ။ အောင်ဝင်းခိုင်နဲ့ပတ်သက်ပြီးလည်း အစ်ကိုကဘာမှမသိတဲ့အတွက် ဘာမှပြောလို့ မတတ်တာပေါ့” ဟု ၎င်းက ဆက်လက်ဖြေကြားသည်။

ထို့ပြင် သူ့ (အောင်ဝင်းခိုင်) ရဲ့ လူနေမှုပုံစံကရော ဘယ်လိုရှိလဲခင်ဗျဟု သတင်းထောက်တစ်ဦးက ဆက်လက်မေးမြန်းရာ “သူ့ရဲ့လူ နေမှုစတိုင်က သူလည်း ဘုရားတရား စိတ်ဝင်စားပါတယ်။ ကိုယ်လည်း ဘုရားတရား စိတ်ဝင်စားပါတယ်။ ကိုယ်တို့ အခု မော်တင်စွန်းမှာလည်း ကိုယ်လည်း ဘုရားတရားလုပ်တယ်။ သူလည်း ဘားအံတို့ ရောက်လေရာမှာ ဘုရားတရား လုပ်ခဲ့တဲ့သူတွေပါ” ဟု အောင်ဝင်းထွန်းက ဆက်လက်ဖြေကြားသည်။

Most Read

Most Recent