၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ် ငါးခူရရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်သည့် အတွက် ဖမ်းဆီးတရားစွဲဆိုထားသော ဘင်္ဂါလီများအနက် လေးဦးကို သေဒဏ်ချမှတ်ပြီး ၂၆ ဦးအား ထောင်ဒဏ်များ ချမှတ်ကာ ၁၅ ဦး ပြန်လွှတ်

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ် ငါးခူရရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်သည့် အတွက် ဖမ်းဆီးတရားစွဲဆိုထားသော ဘင်္ဂါလီများအနက် လေးဦးကို သေဒဏ်ချမှတ်ပြီး ၂၆ ဦးအား ထောင်ဒဏ်များ ချမှတ်ကာ ၁၅ ဦး ပြန်လွှတ်
Published 24 February 2018

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ် ငါးခူရနယ်ခြားစောင့် ရဲစခန်းအား တိုက်ခိုက်ခဲ့သည့် အတွက် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဘင်္ဂါလီလေးဦးအား သေဒဏ်ချမှတ်ပြီး ၂၆ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်အသီးသီး ချမှတ်ကာ ၁၅ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံ ဘင်္ဂါလီများကို ဖေဖော်ဝါရီ ၂၃ ရက်က မောင်တောခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင် ဒုတိယတရားသူကြီး ဦးညိုလွင်ဦးက ပြောကြားသည်။

“ဒီကနေ့မှာ မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးထိုင်) ကနေ ၂၀၁၆ ခုနှစ် ရာဇဝတ်ကြီး အမှုအမှတ် (၈၆)၊ စုစုပေါင်း တရားခံ ၄၅ ဦးအနက် လေးဦးကို သေဒဏ်ချမှတ်တယ်။ စွဲတဲ့ပုဒ်မတွေကတော့ လူသတ်မှု၊ ပြင်းထန်စွာ နာကျင်စေမှုတွေနဲ့ စွဲတာဖြစ်တယ်။ ၁၅ ဦးလွတ်တယ်။ ကျန်တဲ့ ၂၆ ဦးကို ပြစ်ဒဏ်အသီးသီး စီရင်အမိန့်ချတာ ဖြစ်ပါတယ်” ဟု မောင်တောခရိုင် ဒုတိယတရားသူကြီး ဦးညိုလွင်ဦးက ပြောကြားသည်။

ပြစ်ဒဏ်ချမှတ်ရာတွင် တင်ကူးကြံရွယ်ချက်ဖြင့် ကျူးလွန်သော လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ)ဖြင့်  ဘင်္ဂါလီလေးဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန် ၂၆ ဦးအား လူသတ်မှု ပုဒ်မ ၃၀၂ (၂)/၃၄ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ်နည်းဖြင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မ၃၂၆/၃၄ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ လူသတ်ခြင်းကို အားပေးကူညီခြင်းမှု ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေခြင်းကို အားပေးကူညီ မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် စသည်ဖြင့် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ငါးခူရနယ်ခြားစောင့်ရဲစခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် နယ်ခြားစောင့် ရဲအရာရှိ ဒုရဲအုပ် တစ်ဦးနှင့် ရဲတပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တရားရုံးအသီးသီး၌ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၅၀၇ ဦးရှိပြီး ယင်းတို့အနက် ၂၁၃ ဦး တရားစီရင်ပြီး ဖြစ်ကြောင်းနှင့် ၂၉၄ ဦးပါဝင်သည့် အမှုတစ်ခုလည်း ကြားနာစစ်ဆေးပြီး ဖြစ်သည့်အတွက် စီရင်အမိန့်ချရန်သာ ကျန်ရှိတော့ကြောင်း ဒုတိယ ခရိုင်တရားသူကြီးက ပြောကြားသည်။

မောင်တောမြို့နယ် မယင်းတောင်ခြေတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးစစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်မှုဖြစ်စဉ်မှ ဖမ်းဆီးတရားစွဲဆိုထားသည့် ဘင်္ဂါလီ ၃၉ ဦးအနက် ဘင်္ဂါလီငါးဦးအား အမှုမှ အပြီးလွှတ်ပေးခဲ့ပြီး ဘင်္ဂါလီ ၃၄ ဦးကို ထောင်ဒဏ် ၁၈ နှစ်စီကျခံစေရန် ဖေဖော်ဝါရီ ၂၁ ရက်က စီရင်ချက် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ရာတွင် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူများကို လူသတ်မှု ပုဒ်မ ၃၀၂ (၂)/၃၄ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ်နည်းဖြင့် အပြင်းအထန် နာကျင်စေမှုပုဒ်မ ၃၂၆/၃၄ ဖြင့် ထောင်ဒဏ်ငါးနှစ်စီနှင့် ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့တည်းမဟုတ်နည်းဖြင့် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၄ ဖြင့် ထောင်ဒဏ်သုံးနှစ်စီ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသရှိ နယ်ခြားစောင့် ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent