ရန်ကုန်မြို့တော်သြင်္ကန်တွင် ယခင်နှစ်က ပိတ်ထားသော ကုမ္ပဏီမဏ္ဍပ်ပါမစ်များ ချပေးရန် စီစဉ်နေဟုဆို

ရန်ကုန်မြို့တော်သြင်္ကန်တွင် ယခင်နှစ်က ပိတ်ထားသော ကုမ္ပဏီမဏ္ဍပ်ပါမစ်များ ချပေးရန် စီစဉ်နေဟုဆို
Published 24 February 2018

ရန်ကုန်မြို့၏ ဗဟိုမဏ္ဍပ်ဖြစ်သော မြို့တော်ဝန် ရေကစားမဏ္ဍပ်တွင် ရေကစားနေသူများအား ၂၀၁၇ ခုနှစ် သြင်္ကန်ကာလက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ယခုနှစ် ရန်ကုန်သြင်္ကန် ကာလအတွင်း ကုမ္ပဏီမဏ္ဍပ်ပါမစ်များ ချပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနှစ်သြင်္ကန် ကုမ္ပဏီမဏ္ဍပ်တွေ ချပေးမယ်လို့ ပြောတယ်။ ဘယ်နေရာတွေ၊ ဘယ်ကုမ္ပဏီတွေလည်းတော့ မသိသေးဘူး။ နေရာလည်း ရွေးရဦးမယ်။ ချပေးမယ်လို့တော့ပြောတယ်။ ပါမစ်ကလည်း တကယ်တမ်း လုပ်မယ့်သူကိုပဲ ပေးမယ်လို့လည်းပြောတယ်” ဟု တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်မည့်သူများ အနေဖြင့် မီးသတ်ပိုက်များ သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

“သြင်္ကန်ကာလအတွင်းမှာ ပုံမှန်ရေပေးနေကျပုံစံအပြင် ရေကစားတဲ့သူတွေ အဆင်ပြေအောင် အချိန်တွေပြန်ပြီး သတ်မှတ်ပေးသွားမယ်။ အရင်တုန်းက အချိန်ပိုင်းတဲ့နေရာတွေကို အချိန်ထပ်တိုး ပေးနိုင်အောင် အဲဒီလိုတိုးပေးနိုင်ဖို့၊ ကြားထဲမှာ ရေတွန်းစက်တွေ တောက်လျှောက်ကောင်းနေဖို့၊ ရေလှောင်ကန်ကရေတွေ အပြည့်ရှိနေဖို့ ရေပိုက်လိုင်းတွေ စီမံခန့်ခွဲရတယ်။ ရန်ကုန်မြို့ရဲ့ ဗဟိုမဏ္ဍပ်ဖြစ်တဲ့ မြို့တော်ဝန်မဏ္ဍပ်မှာ ရေဖျန်းနိုင်ဖို့အတွက် ရေငုတ် ၂၀၀ နဲ့ စီမံဆောင်ရွက်တာပေါ့။ အခြားမဏ္ဍပ်တွေက ရေငုတ်က သူတို့အစီအစဉ်တွေနဲ့ ဆောင်ရွက်တာပါ။ မီးသတ်ပိုက်ကတော့ နှစ်စဉ်မီးသတ်ပိုက်ကို ခွင့်မပြုပါဘူး။ ဒီနှစ်လည်း ခွင့်မပြုပါဘူး။ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနဲ့ ပေါင်းပြီးတော့ ပိတ်သိမ်းတာတွေ ဆောင်ရွက်ရပါတယ်။ အဓိကကတော့ မဏ္ဍပ်တည်ဆောက်ခွင့်က အာဏာပိုင် အဖွဲ့အစည်း ထွေအုပ်က ကြပ်မတ်ပေးရတာပါ။ နောက်တစ်ကြိမ် အစည်းအဝေးမှာ ကော်မတီတွေ ဖွဲ့ထားပါတယ်။ ကော်မတီအသီးသီးက ကြားကာလအတွင်းမှာ ကော်မတီအလိုက် ဒုတိယအကြိမ် အစည်းအဝေးမှာ ပြန်လည်တင်ပြမယ်လို့ သိရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန ဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပထမအကြိမ်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း ကုမ္ပဏီမဏ္ဍပ်ပါမစ်ချပေးမှု မရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ရာ၌ ခွင့်ပြုပေးထားသည့် နေရာအတိုင်းအတာထက် ကျော်လွန်ဆောက်လုပ်ပါက မဏ္ဍပ်ဆောက်လုပ်ခွင့် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၇ မတ်တွင် ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်က မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူက အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း လုံးဝမပြုလုပ်ရ။ လျှောက်ထားသူကိုယ်တိုင် ဆောက်လုပ်အသုံးပြုရန်။ လိုက်နာမှုမရှိလျှင် မူလခွင့်ပြုချက် ရရှိထားသော ပိုင်ရှင်မှ ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကိုလည်းကောင်၊ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခင်နှစ်ထုတ်ပြန်ချက်၌ မဏ္ဍပ်အကြီးများအား မျက်နှာစာအရှည် ပေ ၁၀၀ မှ ၁၂၀၊ အနောက်ဘက် သို့ ပေ ၄၀၊ မြေပြင်မှ ၈+၁၂ (ပေ၂၀) အထိ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး မဏ္ဍပ်အလတ်များကို မျက်နှာစာအရှည် ပေ ၅၀ မှ ၉၉ ပေ၊ အနောက်ဘက်သို့ ပေ ၃၀၊ အမြင့် ၆ + ၁၀ (၁၆ ပေ) အထိ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး မဏ္ဍပ်များ၏ အကျယ်အဝန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ခွင့်ပြုပေးထားသည့် ပုံစံအတိုင်း မဏ္ဍပ်တာဝန်ခံ အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်အရွယ်အစားထက် ပိုပါက တစ်ပေလျှင် ကျပ် ၁၀ သိန်း ဒဏ်ကြေးရိုက်ခံရမည် ဖြစ်ကြောင်း၊ အာမခံစပေါ်အဖြစ် သြင်္ကန်မဏ္ဍပ်အကြီးကို ကျပ်သိန်း ၂၀၀ နှင့် မဏ္ဍပ်အလတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တွင် ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ပါက သတ်မှတ်ဒဏ်ကြေးကို အာမခံစပေါ်ငွေမှ ပေးဆောင်ရမည်ဖြစ်ကာ စပေါ်ငွေကို သြင်္ကန်ကာလအပြီး မေလအတွင်း ပြန်လည်ထုတ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မဏ္ဍပ်ချပေးမှု နည်းပါးခြင်းကြောင့် စည်ကားမှု နည်းပါးခဲ့ပြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့အား ပြည်သူများက ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent