<

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသူများက စွဲချက်အမိန့်အပေါ် ကျေနပ်မှုမရှိ၍ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်

ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်လာစဉ်

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့က စွဲချက်အမိန့်အပေါ် ကျေနပ်မှုမရှိ၍ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ၎င်းတို့၏ ရှေ့နေများမှတစ်ဆင့် ပြင်ဆင်မှု တက်ထားကြောင်း သိရသည်။

ထိုသို့ အမှုစစ် အထူးခရိုင်တရားရုံးမှ ချမှတ်သည့် စွဲချက်အမိန့်ကို တိုင်းတရားရုံးက  ပြင်ဆင်ပေးရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လျှောက်ထားခဲ့ခြင်းကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီစွဲချက်ကို မကျေနပ်လို့ ပြင်ဆင်ခိုင်းတာပေါ့။ အဲဒါကို ကျွန်တော်တို့က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တက်ထားတယ်။ ရန်ကုန်တိုင်း တရားလွှတ်တော်ကိုပေါ့။ အဖြေကတော့ အခုလက်ရှိတော့ မသိသေးဘူး။ များသောအားဖြင့် ကြာတတ်တယ်။ ပုံမှန်အမှုတွေကတော့ ကြာတာပဲ။ ဒီအမှုကို သီးခြားသတ်သတ် စဉ်းစားပေးရင်တော့ မြန်မှာပေါ့။ မြန်မှာပါ။ အလွန်ဆုံးကြာရင် နောက်တစ်ပတ် နှစ်ပတ်လောက်ကြာရင် သိမယ့်သဘောပါ။ ဘယ်နေ့ချိန်းထားတယ် ဆိုတာတော့ စာမထွက်သေးဘူး။ လက်ခံရေးအတွက် လျှောက်လဲချက် ပေးရမှာပေါ့။ အဲဒီလျှောက်လဲချက် ပေးတဲ့ရက်ကို စာမထွက်သေးဘူး။ တက်ထားတာကတော့ လေးဦးစလုံးပဲ။ အဲဒါကို ပြင်ဆင်မှုအတွက်က ပဏာမလျှောက်လဲတာကို လက်ခံဖို့ အဲဒီလျှောက်လဲချက် ပေးမယ့်ရက်ကို မရသေးဘူး” ဟု အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့၏ရှေ့နေ ဦးအောင်ခိုင် (တရားလွှတ်တော်) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ(ဗဟို) ဥပဒေအထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ပုဒ်မသီးသီးဖြင့် စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရာဇ၀တ်အမှုအမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ) နှင့် ပတ်သက်၍ ပြန်ခေါ်သက်သေ ငါးဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပြန်ခေါ်သက်သေငါးဦးက ရဲအုပ်ထွန်းလင်း (မြောက်ပိုင်းခရိုင် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့) က ဖြစ်ပါတယ်။ ရဲအုပ်ဘိုဘိုလှမြင့်ကတော့ (မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန)က ဖြစ်ပါတယ်။ ဦးအေးမြင့် ခေါ် နှုတ်ခမ်းမွှေးကတော့ မင်္ဂလာဒုံလေဆိပ်က အငှားယာဉ်မောင်း ဖြစ်ပါတယ်။ ဦးကျော်ဦး၊ ဦးကျော်ဝင်းသန်း တို့ကလည်း အငှားယာဉ်မောင်းများ ဖြစ်ကြပါတယ်” ဟု ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင် တရားသူကြီး ဦးရဲလွင်က ပြောကြားသည်။

“ဒီနေ့စစ်တဲ့ ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး ရဲအုပ်ထွန်းလင်းရဲ့ ရဲထွက်ဆိုချက်က တော်တော်ကောင်းတယ်။ ရဲအုပ်ဘိုဘိုမြင့်ရဲ့ ထွက်ဆိုချက်တွေကလည်း တော်တော်ကောင်းတယ်။ ကွင်းဆက်တွေ ပေါ်ပေါ်လာတယ်ပေါ့ ဗျာ” ဟု တရားလို (ဦးနေ၀င်း) ဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင် (တရား လွှတ်တော်ရှေ့နေ) က ပြောကြားသည်။

လာမည့်ရုံးချိန်းကို မတ် ၈ ရက် (ကြာ သပတေးနေ့) နှင့် ၉ ရက် (သောကြာ)နေ့သို့  ချိန်းဆိုထားပြီး ကျန်ရှိသည့် ပြန်ခေါ်သက်သေများကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှုတွင် တရားလိုဘက်မှ တင်ပြခဲ့သည့် သက်သေအချို့ကို ပြန်လည်စစ်ဆေးပေးရန်အတွက် ရာကြီးအမှု အမှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ)၌ ကြည်လင်းက ၂၄ ဦး၊ အောင်ဝင်းဇော်က ၂၇ ဦး၊ ဇေယျာဖြိုးက ၃၇ ဦး၊ အောင်ဝင်းထွန်း ၂၇ ဦး၊ ရာကြီးအမှု အမှတ်၄၆/၂၀၁၇ (လက်နက်မှု အမှုတွဲ) ၌ ကြည်လင်းကတစ်ဦး၊ အောင်ဝင်းဇော်ကသုံးဦး စသည်တို့ကို တရားရုံးသို့ တင်ပြထားပြီး တူညီသည့် သက်သေများလည်း ပါရှိကြောင်း သိရသည်။

 

February 23, 2018














Copy Protected by Chetan's WP-Copyprotect.