မြန်မာအာဏာပိုင်များက ဘင်္ဂါလီတို့၏ ရွာများစွာကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်ဟု HRW ပြောကြား

မြန်မာအာဏာပိုင်များက ဘင်္ဂါလီတို့၏ ရွာများစွာကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်ဟု HRW ပြောကြား
Published 24 February 2018

မကြာသေးမီလများအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီမွတ်စလင်တို့၏ ရွာပေါင်း ၅၅ ရွာထက်မနည်းကို မြန်မာအာဏာပိုင်များက ဘူဒိုဇာများဖြင့် ထိုးကာ  ဖျက်ဆီးခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် နေရာများ၌ သက်သေအထောက်အထားများကို ဖျောက်ဖျက်ပစ်ခြင်းအတွက် HRW က  မြန်မာအစိုးရကို အပြစ်တင်ခဲ့သည်။

တပ်မတော်စစ်ဆင်ရေးတစ်ရပ်က ဘင်္ဂါလီမွတ်စလင်ပေါင်း ၇၀၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်လျက် ထွက်ပြေးစေခဲ့သည့် သြဂုတ်လနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဘင်္ဂါလီ မွတ်စလင်များ မရှိသလောက်ဖြစ်သွားခဲ့သည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးစုလိုက်သုတ်သင်သည့် စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့သည်ဟု စွပ်စွဲထားသည်။

မြန်မာနိုင်ငံက စွပ်စွဲချက်ကို ငြင်းဆန်ခဲ့သော်လည်း ဘင်္ဂါလီမွတ်စလင်များ ထောင်နှင့်ချီလျက် သတ်ဖြတ်ခံရသည်ဟု ယုံကြည်ရသော ဒေသ၌ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများ ဝင်ရောက်စစ်ဆေးမှုကို ပိတ်ဆို့ထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားရွာသားများက မီးရှို့ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် မုဒိမ်းကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟု ဒုက္ခသည်များက ပြောကြားခဲ့သော  လွန်ခဲ့သည့်နှစ်က အကြမ်းဖက်မှုများဖြစ်ပွား သည့် အစောပိုင်းလများအတွင်း၌ပင် ရာနှင့်ချီသော ဘင်္ဂါလီမွတ်စလင်ရွာများသည် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်သည်။

နိုဝင်ဘာလနောက်ပိုင်းတွင် မြန်မာအာဏာပိုင်များက စက်ကြီးများအသုံးပြုကာ  အဆောက်အအုံအားလုံးနှင့် စိုက်ခင်းများကို အပြောင်ရှင်းပစ်ခြင်းဖြင့် နောက်ထပ်

ရွာပေါင်း ၅၅ ရွာထက် မနည်းကို ဖျက်ဆီးခဲ့ကြောင်း HRW က ရရှိခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများက ပြနေသည်ဟု ဆိုသည်။

ယင်းတို့အနက် နှစ်ရွာထက်မနည်းသည် ယခင်က မီးရှို့ဖျက်ဆီးခံရမှုထဲ၌ လုံးဝပါဝင်ခဲ့ခြင်းမရှိဟု HRW က ဆိုသည်။

“ဒီရွာတွေထဲက အများအပြားဟာ ဘင်္ဂါလီမွတ်စလင်တွေအပေါ် ပြစ်မှုကျူးလွန်ခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာတွေဖြစ်ပြီး ဒီကျူးလွန်မှုတွေကို မှတ်တမ်းတင်မယ့် ကုလသမဂ္ဂက ခန့်ထားတဲ့ ကျွမ်းကျင်သူတွေက တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ သက်သေအထောက်အထားတွေ စနစ်တကျ ဆုံး ဖြတ်နိုင်အောင် ထိန်းသိမ်းထားသင့်တဲ့ နေရာတွေဖြစ်ပါတယ်”ဟု HRW မှ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်အဒမ်က ပြောကြားခဲ့သည်။

“ဒီနေရာတွေကို ဘူဒိုဇာနဲ့ ထိုးပစ်တာဟာ ဒီနေရာတွေမှာ နေခဲ့တဲ့ ဘင်္ဂါလီမွတ်စလင်တွေနဲ့ပတ်သက်တဲ့ ဥပဒေရေးရာ သက်သေခံတွေကိုရော၊ အမှတ်တရတွေကိုရော ဖျောက်ဖျက်ပစ်ဖို့ ခြိမ်းခြောက်နေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရွာများကို ရှင်းလင်းပစ်သည့် ကြောက်မက်ဖွယ်ဓာတ်ပုံများသည် အစပထမက လူမှုမီဒီယာများတွင် ယခုလအစောပိုင်းက ပျံ့နှံ့နေခဲ့ခြင်းဖြစ်ပြီး ယင်းကို ဥရောပသမဂ္ဂ (EU) မှ သံတမန်တစ်ဦးက တင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent