တစ်နှစ်ပတ်လုံး ခရီးသွားများသည့် ကျိုက်ထီးရိုးစေတီတော်၏ အင်္ဂဘို၊ မိုးဘောလမ်းကို ရှုခင်းသစ်ခံစား၍ လေးလမ်းသွား၊ ကေဘယ်တပ်ဆင်မှုအတွက် သစ်တောမြေ ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် KNU နှင့် ကုမ္ပဏီတို့ အဆိုပြုတင်ပြ

တစ်နှစ်ပတ်လုံး ခရီးသွားများသည့် ကျိုက်ထီးရိုးစေတီတော်၏ အင်္ဂဘို၊ မိုးဘောလမ်းကို ရှုခင်းသစ်ခံစား၍ လေးလမ်းသွား၊ ကေဘယ်တပ်ဆင်မှုအတွက် သစ်တောမြေ ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် KNU နှင့် ကုမ္ပဏီတို့ အဆိုပြုတင်ပြ
Published 24 February 2018

ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဖူးမြော်သည့် ခရီးသွားဧည့်သည်များကို တွေ့ရစဉ်

တစ်နှစ်ပတ်လုံး ခရီးသွားလာမှုများသည့် ကျိုက်ထီးရိုး စေတီတော်ကို သွားနေကျ ကင်မွန်းစခန်းမှမဟုတ်ဘဲ ကျိုက်ထီးရိုးလေးလမ်းခွဲ၊ အင်္ဂဘို၊ မိုးဘောနတ်စင် လမ်းကြောင်းရှိ ရှုခင်းသစ်များကို ခံစား၍ အချိန်တိုစေရန် လေးလမ်းသွား၊ ကေဘယ်တပ်ဆင်မှုတို့အတွက် သစ်တောမြေဧက ၁၅၀ နီးပါးကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် KNU တပ်မဟာ (၁)နှင့် JEWEL GOLDEN EYE (JGE) တို့ပူးပေါင်းသည့် Kyaiktiyo Great Green (KGG) ကုမ္ပဏီက မွန်ပြည်နယ် အစိုးရအဖွဲ့သို့ ဖေဖော်ဝါရီ ၂၀ ရက်က ပဏာမအဆိုပြု တင်ပြခဲ့ကြောင်း သိရသည်။

ယင်းအဆိုပြုတင်ပြမှုတွင် တက်ရောက်ခဲ့သော မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက “ပြည်နယ် အစိုးရနဲ့တွေ့တော့ ဝန်ကြီးချုပ်က ဒီအတိုင်း သဘောထား မပေးသေးဘူး။ ပြည်နယ်အစိုးရ သဘောတူမှ ပြည်ထောင်စုအစိုးရကို တက်ရမှာ၊ အဆင့်ဆင့် ဖြတ်ရဦးမယ်။ ပြည်ထောင်စုသဘောတူမှ သစ်တောကနေ အငှားလုပ်မှာပေါ့။ အငှားလုပ်မယ်ဆိုရင် သူတို့ လျှောက်သလောက် ပေးချင်မှ ပေးမှာပေါ့။ လိုအပ်သလောက် အငှားပေးမှာပေါ့။ သူက ဧက ၁၅၀ ပေါ့၊ သူ့ Proposes ပေါ့လေ။ ပြည်နယ်အစိုးရက Clear မဖြစ်သေးဘူး။ ပြည်နယ်အစိုးရ သဘောတူမှ ကျန်တဲ့လုပ်ငန်းတွေ သူတို့ဆက်လုပ်သွားမှာလေ။ တစ်နေရာတည်း ပြီးတာမဟုတ်ဘူး။ ကုမ္ပဏီလုပ်ချင်တာကို ပဏာမ တင်ပြတာဖြစ်တယ်” ဟုပြောကြားသည်။

ကျိုက်ထိုမြို့ခံ ဦးသိန်းလှိုင်က ရန်ကုန်-ကျိုက်ထိုကားလမ်း၊ ကျိုက်ထိုမရောက်မီ ကျိုက်ထီးရိုးလေးလမ်းရှိရာ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ဒေသခံများ နွားလှည်းဖြင့် ဘုရားဖူးတက်သည့် လမ်းဟောင်းဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေတွင် တည်ရှိ၍ ၎င်းတို့ ခွင့်ပြုသောနှစ်တွင် အသွားအလာများကာ၊ ကျန်နှစ်များတွင် သွားလာမှု မရှိခဲ့ကြောင်း၊ ရေတံခွန်များ ရှုခင်းများဖြင့် လှပမှုရှိကြောင်း၊ ယခု KNU ဦးစီး၍လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ ကေဘယ်လမ်းလုပ်မည် ဆိုပါက ကင်မွန်းစခန်း တစ်ခုတည်းတွင် ဘုရားဖူးများအနေဖြင့် စုပြုံတိုးရမည့်ဒုက္ခ၊ ရင်ပြင်ပေါ် ဘုရားဖူးပြည့်ကျပ်ခြင်းဒုက္ခများ ကင်းသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးမှု ရရှိလာမည်ကြောင်း ပြောကြားသည်။

သက်ဆိုင်ရာက ခွင့်ပြုမည်ဆိုပါက တစ်နှစ်ခွဲအတွင်း ကျိုက်ထီးရိုးနယ်မြေ အင်္ဂဘို၊ မဲရုံးလေး၊ မဲရုံကြီး၊ ကဒိုင်ဒွတ်၊ မိုးဘော-နတ်စင်၊ ကျောက်ဖျာ၊ ခေါင်းဆေးကန်အထိ လေးလမ်းသွား ကွန်ကရစ်လမ်း ဖောက်လုပ်မည်ဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်၍ အခမဲ့ တည်းခိုခန်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ တည်ဆောက်ပြီး သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း လုပ်ငန်းအစီအမံတွင် ဖော်ပြထားသည်။

Most Read

Most Recent