အားကစားပညာဘွဲ့ရများ အနည်းဆုံး လူဦးရေ ၂၀၀၀ ခန့်လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

အားကစားပညာဘွဲ့ရများ အနည်းဆုံး လူဦးရေ ၂၀၀၀ ခန့်လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
Published 24 February 2018

လူငယ်အားကစားသမားများအား သင်ကြားပြသပေးနေသည့် အားကစားနည်းပြများကို တွေ့ရစဉ်  (ဓာတ်ပုံ - ညီညီစိုးညွန့်)

အားကစားပညာ ဘွဲ့ရသူများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့တွင် နည်းပြ/နည်းစနစ်မှူး၊ ကာယကျွမ်းကျင် ဆရာများအဖြစ် ဦးစားပေး ခန့်အပ်ရန်ရှိပြီး အနည်းဆုံး လူဦးရေ ၂၀၀၀ ခန့်လိုအပ်နေကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က သိပ္ပံဘွဲ့ (အားကစားပညာ) ရရှိသော ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တွေ့ဆုံလမ်းညွှန်မှု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် B.Sc (Sports) ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစားဆိုင်ရာ ဘွဲ့ရရှိသူများဖြစ်၍ အထူးဂုဏ်ယူ ဝမ်းမြောက်ကြိုဆိုကြောင်း၊   ဘွဲ့ရမောင်မယ်များ အနေဖြင့် ယခုဘွဲ့ရရှိမှုကိုသာ လက်ခံကျေနပ်မနေဘဲ အားကစားဆိုင်ရာ ပညာရပ်များကို နိုင်ငံတကာမှ နည်းစနစ်များ၊ နည်းပညာများ၊ ခေတ်နှင့်အညီ ပြောင်းလဲနေမှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြီး ထပ်မံလေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် အားကစားနှင့် ပတ်သက်၍ လုပ်ငန်းများစွာပေါ်ပေါက်နေ၍ အလုပ်အကိုင် အခွင့်အလမ်း များပြားပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးလာမှုနှင့်အတူ အားကစားနှင့်ပတ်သက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်းနှင့် ယခုအားကစားဘွဲ့ရ မောင်မယ်များအား အားကစားနှင့် ကာယပညာ ဦးစီးဌာန၌ (နည်းပြ/နည်းစနစ်မှူး) ရာထူးများနှင့် ပညာရေးဝန်ကြီးဌာနတို့၌ ကာယကျွမ်းကျင် ဆရာများအဖြစ် ခန့်အပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန အနေဖြင့် အားကစားနှင့် ဘွဲ့ရရှိသော ဘွဲ့ရများကို ကာယပညာ ဆရာများအဖြစ် ခန့်ထားနိုင်ရေး အထူးဆောင်ရွက်လျက်ရှိကြောင်း၊ အနည်းဆုံး လူဦးရေ ၂၀၀၀ခန့် လိုအပ်လျက်ရှိကြောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတွင် B.Sc (Sports) ဘွဲ့ရများကို ဦးစားပေး ခန့်ထားမည် ဖြစ်ကြောင်းနှင့် ဘွဲ့ရများအနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ရာတွင် အားကစားဆိုင်ရာ ပညာရပ်များကို ထပ်မံလေ့လာ လိုက်စားရုံသာမက အင်္ဂလိပ်စာ အရည်အချင်း တိုးတက်အောင် လေ့လာရန်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်မှ စတင်၍ B.Sc (Sports) ကျောင်းသား ကျောင်းသူများအား ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်၌ လက်ခံပညာသင်ကြား ပေးခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် B.Sc (Sports) ဘွဲ့ရရှိသူ ၉၇ ဦးအနက် တတိယနှစ် ဂုဏ်ထူးတန်း၂၇ ဦးနှင့် မဟာတန်း တက်ရောက်နေသူ ၁၁ ဦးရှိကြောင်းနှင့် ကျန်ရှိ ၅၉ ဦးအားအားကစားနှင့် ကာယပညာ ဦးစီးဌာန၌ နည်းပြ/နည်းစနစ်မှူးနှင့် ပညာရေးဝန်ကြီးဌာန၌ ကာယကျွမ်းကျင် ဆရာများအဖြစ် ခန့်ထားနိုင်ရေးနှင့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနတွင် ကာယနည်းပြအဖြစ် ခန့်ထားနိုင်ရေး အခြေအနေများကို ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနများက ကျပ်ဘီလျံ ၁၂၀၀ ကျော် တင်ပြတောင်းခံထားကြောင်းနှင့် ဘတ်ဂျက်များကို ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျပ် ၈၀၇ ဒ သမ ၁၄၆၅၅၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ကျပ်ဘီလျံ ၄၁၀ ကျော်အား ပြည်ထောင်စုဝန်ကြီးများက ပြည်ထောင်စု လွှတ်တော်တွင် တင်ပြတောင်းခံထားကြောင်း သိရသည်။

Most Read

Most Recent