ရန်ကုန်မြို့တွင်းရှိ မိလ္လာပိုက်လိုင်းများနှင့် ရေပိုက်လိုင်းများ ဆက်စပ်နေမှုကြောင့် မစင်များဝင်ရောက်မှုရှိနိုင်ပြီး အသည်းရောင်အသားဝါ E ပိုး အပါအဝင် ဝမ်းရောဂါများ ဖြစ်ပွားနိုင်သဖြင့် ပြန်လည်စစ်ဆေးပြုပြင်သင့်ကြောင်း အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်း ပြောကြား

ရန်ကုန်မြို့တွင်းရှိ မိလ္လာပိုက်လိုင်းများနှင့် ရေပိုက်လိုင်းများ ဆက်စပ်နေမှုကြောင့် မစင်များဝင်ရောက်မှုရှိနိုင်ပြီး အသည်းရောင်အသားဝါ E ပိုး အပါအဝင် ဝမ်းရောဂါများ ဖြစ်ပွားနိုင်သဖြင့် ပြန်လည်စစ်ဆေးပြုပြင်သင့်ကြောင်း အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်း ပြောကြား
Published 23 February 2018

ရန်ကုန်မြို့တွင်းရှိ မိလ္လာပိုက်လိုင်းများနှင့် ရေပိုက်လိုင်းများ ဆက်စပ်နေမှုကြောင့် မစင်များဝင်ရောက်မှုရှိနိုင်ပြီး လူအများတွင် အသည်းရောင်အသားဝါ E ပိုး အပါအဝင် ဝမ်းရောဂါများ ဖြစ်ပွားနိုင်သဖြင့် ရေပိုက်လိုင်းများနှင့်မိလ္လာ ပိုက်လိုင်းများကို ပြန်လည်စစ်ဆေးပြုပြင်သင့်ကြောင်း အသည်းရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ရန်ကုန်မြို့အတွင်း စည်ပင်က ဖြန့်ဝေသော ဂျိုးဖြူရေပိုက်လိုင်းထဲတွင် မစင်များ ပြန့်ပွားနေသည်ဆိုသော သတင်းများကြောင့် ရန်ကုန်မြို့နေလူထုမှာလည်း ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စအား ပြောကြားခဲ့သူ အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက “ အဲဒီအချိန်တုန်းက ဂျိုးဖြူရေပိုက်လိုင်းနဲ့ မိလ္လာပိုက်လိုင်းတွေက အင်္ဂလိပ်လက်ထက်ကတည်းက သံချေးတွေကိုက်ပြီး ပိုက်လိုင်းနှစ်ခုက အပြိုင်သွားပြီးတော့ ဆက်နေတယ်။ အဲဒီတော့ ဂျိုးဖြူရေလာတဲ့အချိန်မှာ ရေသွားတယ်။ ရေမလာတဲ့အချိန်ဆိုရင် မိလ္လာလိုင်းက ရေလိုင်းကိုသွားတယ်။ အဲဒီလိုသွားတဲ့ဟာကို ဘယ်လိုသက်သေပြမလဲ။ အဲဒီရပ်ကွက်ထဲက ရေတွေကို ကျပန်းယူလိုက်ပြီး အိမ်တွေထဲက ရေတွေကို စစ်ကြည့်တယ်။ ရေတွေထဲမှာ မစင် ပါ မပါ။ Colifom လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ပါ မပါ။ ရေတွေကို နမူနာယူပြီးတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းမှာ သွားပြီး ဓာတ်ခွဲခဲ့တယ်။ ဓာတ်ခွဲကြည့်တဲ့အခါ Colifom က သာမန်ပါသင့်တဲ့ ပမာဏထက် အဆပေါင်းများစွာ ပါနေတယ်။ ဆိုလိုတဲ့သဘောက ဒီရေတွေထဲမှာ မစင်နဲ့ဆက်သွယ်နေတဲ့ ပိုးတွေ ပါနေတယ်ဆိုတာကို သွားတွေ့ရတယ်။ ဒါကို Report တော့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ က ဆိုတော့လည်း ကျယ်ကျယ်ပြန့်ပြန့်တော့ ကျန်းမာရေး ဝန်ကြီးဌာနတွေ ဘာတွေ အဲဒီလိုတော့ မတင်ပြခဲ့ဘူး။ သုတေသနစာတမ်းတစ်ခုအနေနဲ့ပဲ ဖတ်ခဲ့တယ်။ ဒီဘက်ခေတ်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဆက်မလုပ်ဖြစ်ဘူး။ တခြားလုပ်တယ်လို့ ကြားလည်း မကြားမိဘူး။ သူကလုပ်ချင်ရင်တော့ လွယ်လွယ်လေးပဲ။ ခုနက ပြောထားတဲ့ မြို့ထဲအိမ်က ရေတွေယူ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲကိုပို့ပြီး ရေထဲတွေမှာ Colifom ပါလား ဆိုတာကို စစ်ရုံပဲ။ Colifom က လုံးဝမပါရဘူးတော့ မဟုတ်ဘူး။ သူ့မှာကန့်သတ်ထားတဲ့ ပမာဏဆိုတာရှိတယ်။ အဲဒီအရေအတွက်ထက် များနေတယ်ဆိုရင်တော့ မစင်နဲ့ပတ်သက်တဲ့ဘက်တီးရီးယားပိုးတွေ ရှိနေတယ်ဆိုတဲ့သဘောပါပဲ။ ဒါကြောင့် မြို့တွင်းမှာရှိတဲ့ ပိုက်လိုင်းတွေကို ပြန်စစ်သင့်တာပေါ့” ဟု ပြောကြားသည်။

အဆိုပါ သုတေသနကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက ရန်ကုန်မြို့တွင်း မြို့နယ်လေးမြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်တို့ရှိ ရေများကို နမူနာရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်းက”ပုံမှန်တော့ စစ်ဆေးတာတွေ ရှိပါတယ်။ Facebook ထဲမှာ ပြောသလိုမျိုး မဟုတ်ပါဘူး။ ရန်ကုန်မှာဆိုရင် စည်ပင်ရေဆိုရင် ဂျိုးဖြူရေလို့ပြောကြပါတယ်။ တကယ်တမ်းက ဂျိုးဖြူရေလှောင်ကန် တစ်ခုထဲကပေးတာ မဟုတ်ပါဘူး။ ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်တွေကနေ ပေးတာပါ။ စည်ပင်ရေလို့ပြောလို့ရှိရင် ဂျိုးဖြူရေလို့ အားလုံးက နားလည်နေကြတာ။ အဲဒါဖြစ်တဲ့အတွက် ဂျိုးဖြူပိုက်လိုင်းကြီးထဲမှာ ပြောနေတာ မရှိနိုင်ပါဘူး။ ဦးတို့က လစဉ်စစ်ဆေးနေတာလည်း ရှိပါတယ်။ ဒီပိုက်လိုင်းကြီးက ရေလှောင်ကန်က ရန်ကုန်ကနေ မိုင် ၅၀ လောက်ဝေးတဲ့ တိုက်ကြီးမြို့နယ် ဂျိုးဖြူကနေပြီးတော့ ရန်ကုန်ပတ်ဝန်းကျင်ထက် အများကြီး သန့်ပါတယ်။ ကန်တွေကလည်း ဦးတို့မှာ ဓာတ်ခွဲခန်းတွေ ရှိပါတယ်။ အဲဒီဓာတ်ခွဲခန်းကနေ တစ်လတစ်ကြိမ် ပုံမှန်စစ်ဆေးပါတယ်။ နောက်တစ်ခါ အဲ ဒီရေပိုက်မကြီးက တစ်ခုခုပေါက်တယ်ဆိုရင်လည်း အားချင်းပြင်နေတာဖြစ်တဲ့အတွက် အဲဒါမျိုးတွေမရှိပါဘူး။ ဂျိုးဖြူရေပိုက်လိုင်းတွေက ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ဆိုသည်။

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ရေလှောင်ကန်လေးခုနှင့် YCDC မှ ပိုင်သည့် ရေတွင်းများမှ တစ်နေ့လျှင် ရေဂါလန် သန်း ၂၀၀ ခန့် ဖြန့်ဖြူးနေကြောင်း၊ ရေဂါလန်သန်း ၂၀၀ တွင် လေလွင့်မှုများကြောင့် တစ်နေ့တွင် သန်း ၁၀၀ နှင့် ၁၅၀ ကြားသာ သုံးစွဲသူများ လက်သို့ ရောက်ကြောင်း၊ လက်ရှိလူဦးရေ  ခြောက်သန်းခန့်အား ရေဖြန့်ဝေမည်ဆိုပါကတစ်ဦးလျှင် လေးဂါလန်နှုန်းဖြင့် တစ်ရက်လျှင် ရေဂါလန်သန်း ၂၄၀ လိုအပ်နိုင်သဖြင့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းနှင့် ကုက္ကိုလ်၀ ရေပေးဝေရေးစီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စည်ပင်က ရေဖြန့်ပေးတာ ရေဆက်သွယ်မှုပေါင်း သုံးသိန်းကျော်ရှိပါတယ်။ အဲဒီသုံးသိန်းကျော်မှာ တချို့အိမ်ထောင်စုတွေက လေးငါးယောက်ရှိတဲ့အတွက် လူဦးရေက အတိအကျ ပြောလို့မရဘူး။ ဦးတို့က ရန်ကုန် စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်မှာ ဆိပ်ကြီးခနောင်တိုရယ်၊ ဒလမြို့နယ်ကလွဲလို့ ကျန်တဲ့ ဟာတွေက စည်ပင်ရေပေးထားပါတယ်။ လူဦးရေကတော့ သုံးသိန်းရဲ့ ၁၀ ဆလည်း ဖြစ်နိုင်တာပေါ့။ ဆက်သွယ်မှုတစ်ခုက တိုက်တစ်တိုက်မှာဆိုရင် အခန်းတွေ ပြန်ခွဲတာမျိုးရှိတာ ဖြစ်တဲ့အတွက် ရေဆက်သွယ်အသုံးပြုသူ အတိအကျတော့ မသိနိုင်ဘူး” ဟု ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

Most Read

Most Recent