မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများအား ဥပဒေကြမ်းကော်မတီက တင်ပြသည့်ပြင်ဆင်ရန်အချက် ၁၄ ချက်ဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများအား ဥပဒေကြမ်းကော်မတီက တင်ပြသည့်ပြင်ဆင်ရန်အချက် ၁၄ ချက်ဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု
Published 23 February 2018

နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးအပြီး ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများအား ဥပဒေကြမ်းကော်မတီက တင်ပြသည့် ပြင်ဆင်ရန်အချက် ၁၄ ချက်ဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကပေးပို့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများနှင့်စပ်လျဉ်း၍ နေပြည်တော်၌ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်တွင် ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါနည်းဥပဒေများကို ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၁၄ ချက်ဖြင့် အတည်ပြုပေးရန် ကော်မတီက အဆိုတင်သွင်းရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေခြင်းကို ၂၀၁၇ ခုနှစ် မေ ၁၈ ရက်တွင်လည်းကောင်း၊ နည်းဥပဒေများနှင့် ပတ်သက်သည့် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အဆိုများကို ပြည်သူ့လွှတ်တော်သို့ တင်ပြခြင်းကို ၂၀၁၇ ခုနှစ်  သြဂုတ် ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နည်းဥပဒေများနှင့် ပတ်သက်ပြီး ပြင်ဆင်ချက်အဆို တင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရှိသည့်အတွက် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက်အဆိုတင်သွင်းသူ ဖျာပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော်ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်  ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများဖြင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

အဆိုပါအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်အရ ဥပဒေကြမ်းကော်မတီကပြင်ဆင်ရန် တင်ပြချက် ၁၄ ချက်ရှိပြီးဥပဒေကြမ်းကော်မတီ၏ တင်ပြချက်နှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိသည့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန် တင်ပြချက် ၁၄ ချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ အခန်း ၂၂၊ နည်းဥပဒေ ၂၁၂ တွင် ခွင့်ပြုမိန့် သို့မဟုတ်  အခွန်ကင်းလွတ်ခွင့်သို့မဟုတ် သက်သာခွင့်ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် လုပ်ငန်းသဘာဝအပေါ်မူတည်၍ ပစ္စည်းနှင့် စီးပွားရေးလုပ်ငန်းရပ်ဆိုင်းမှု အာမခံ၊ အင်ဂျင်နီယာ လုပ်ငန်းအာမခံ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်ရှိမှုအာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှု အာမခံ၊ ရေကြောင်းအာမခံ၊ အလုပ်သမားလျော်ကြေးအာမခံ စသည့် အမျိုးအစားတို့ကို နိုင်ငံတော်အတွင်း အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်အာမခံ လုပ်ငန်းတစ်ခုခုတွင် အာမခံထားရှိရမည်ဆိုသည့် အချက်ကို အသက်အာမခံနှင့် မီးအာမခံ နှစ်ခုကို ထပ်မံဖြည့်စွက်ထားသည်။

ထို့ပြင် အခန်း ၂၀ ၊ နည်းဥပဒေ ၁၉၇ တွင် ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဥပဒေပုဒ်မ ၁၅ နှင့်အညီ အလုပ်သမားခန့်ထားမ ှုအပါအဝင် လုပ်ငန်းအစီရင်ခံစာကို သုံးလလျှင်တစ်ကြိမ် ကော်မရှင်က သတ်မှတ်တောင်းခံသည့် ပုံစံဖြင့် တင်ပြရမည်ဟု ပြင်ဆင်ထားသည်။

အခန်း ၂ ၊ နည်းဥပဒေ(၅)(ဂ)(၁) တွင် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးပေး၍ သိမ်းယူခြင်း သို့မဟုတ် နိုင်ငံတော်အတွင်းရှိ မြေသိမ်းယူခြင်း လုပ်ထုံးလုပ်နည်းများဖြင့် ရယူခြင်း သို့မဟုတ် လျော်ကြေးပေး၍ မြေသိမ်းယူခြင်း လုပ်ထုံးလုပ်နည်းများဖြင့် ရယူရန် ကြိုတင်သဘောတူညီချက်ဖြင့် ပြုလုပ်ခြင်းနှင့် ထိုကဲ့သို့ သိမ်းယူခြင်းကြောင့် ယင်းမြေတွင် အမြဲတမ်းနေထိုင်သူဦးရေ အနည်းဆုံး အယောက် ၁၀၀ သို့မဟုတ် မြေဧက ၁၀၀ အထက်အား ပြန်လည်နေရာချထားပေးရန် အချက်ကို စကားရပ် ပြင်ဆင်ခြင်းအပါအဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံနည်းဥပဒေများအား ဥပဒေကြမ်းကော်မတီက စကားရပ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ၁၄ ချက် ပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent