စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ လျှော့ချပေးမှုသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုများအားလုံး ပျက်စီးစေနိုင်သည်အထိ အန္တရာယ်ကြီးမားသည့်အပြင် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့များ၏ငွေများ စီးဝင်လာပြီး တိုင်းပြည်စီးပွားရေးကို Manipulate လုပ်ပါက အဆိုပါ ပုဒ်မထည့်သွင်းရေးဆွဲသူက တာဝန်ခံနိုင်မည်လားဟု NLD စီးပွားရေးကော်မတီဝင် မေးခွန်းထုတ်

စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ လျှော့ချပေးမှုသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုများအားလုံး ပျက်စီးစေနိုင်သည်အထိ အန္တရာယ်ကြီးမားသည့်အပြင် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့များ၏ငွေများ စီးဝင်လာပြီး တိုင်းပြည်စီးပွားရေးကို Manipulate လုပ်ပါက အဆိုပါ ပုဒ်မထည့်သွင်းရေးဆွဲသူက တာဝန်ခံနိုင်မည်လားဟု NLD စီးပွားရေးကော်မတီဝင် မေးခွန်းထုတ်
Published 23 February 2018

ရန်ကုန်မြို့ အစိတ်အပိုင်းတစ်နေရာရှိ နေအိမ်တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ အခွန်နှုန်း လျှော့ချပေးထားမှုမှာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုများအားလုံး ပျက်စီးစေနိုင်သည်အထိ အန္တရာယ်ကြီးမားနေသည့်အပြင် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့များ၏ ငွေများစီးဝင်လာပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ တိုင်းပြည်၏ စီးပွားရေးကိုပါ လက်ဝါးကြီးအုပ်သွားပါက အဆိုပါပုဒ်မကို ထည့်သွင်းရေးဆွဲသူက မည်သို့တာဝန်ယူ၊ တာဝန်ခံမည်ဆိုသည်ကို သိလိုကြောင်း NLD စီးပွားရေးကော်မတီဝင် မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက မေးခွန်းထုတ်သည်။

“ ပုဒ်မ ၂၅ ကို ကျွန်တော်တို့ သဘောမတူကြဘူး။ ဒီလိုဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေကြေးတွေဆိုတာ ပြောရမယ်ဆို အင်မတန်ကို အန္တရာယ်ကြီးတယ်။ လူပုဂ္ဂိုလ် ဘယ်သူမဆို သူ့လက်ထဲကို ငွေရောက်လာတာနဲ့ သုံးရာခိုင်နှုန်း အခွန်ဆောင်လိုက်တာနဲ့ ငွေဖြူဖြစ်သွားမယ်ဆို သူလုပ်ချင်သလို လုပ်သွားမယ်။ မြေဝယ်မယ်။ ရွှေဝယ်မယ်။ ကားဝယ်မယ်။ Intangible ရော၊ Tangible ရော အကုန်လုံးကို လုပ်ချင်သလိုလုပ်သွားမယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးအကုန်လုံး ကမောက်ကမဖြစ်သွားမယ်။ ဈေးကစားခံရမယ်။ တိုင်းပြည် စီးပွားရေးတစ်ခုလုံး ဝါးမျိုခံရမယ်။ ရည်ရွယ်ချက်က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုတာနဲ့ လုပ်သည်ပဲဆိုပါစို့။ ရင်းနှီးမြှုပ်နှံမှု ဆိုတာကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ကောင်းပါတယ်။ ဒါပေမဲ့ FDI တွေက ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အ ထောက်အကူဖြစ်ဖို့လိုတယ်။ ကုန်ဈေးနှုန်း ကမောက်ကမဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသွားစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ ကျွန်တော်တို့ရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကို ပျက် စီးစေမယ့်မြှုပ်နံှမှုတွေဆိုရင် ကျွန်တော်တို့ လက်ခံလို့မရဘူး။ နောက်ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ပြောင်းလဲသွားစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေဆို ဒါတွေက အန္တရာယ်ရှိတာပေါ့။ ပြောရမယ်ဆိုရင် ဒီပုဒ်မ ၂၅ က ဖြုတ်ဖို့တောင်သင့်တဲ့အချက်မျိုး” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

ငွေမည်းခဝါချနိုင်မည့်ပုဒ်မဟု အဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ အခွန်နှုန်း လျှော့ချပေးထားမှုကို ပယ်ဖျက်နိုင်ခြင်း မရှိပါက ရင်းနှီးမြှုပ်နှံလာသည့် ကဏ္ဍအလိုက် အခွန်ကောက်ခံမှုကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းကဲ့သို့ ပြောင်းလဲ သတ်မှတ်ခြင်းမျိုးကဲ့သို့ လုပ်ဆောင်နိုင်သည့်အပြင် ပြည်ပသို့ စီးထွက်သွားခဲ့သည့် နိုင်ငံသားများ၏ ငွေများပြန်ဝင်လာမည်ဆိုသည့် မျှော်လင့်ချက်ထက် အကြမ်းဖက်အဖွဲ့အစည်းများ၏ ထောက်ပံံ့ငွေများ ဝင်ရောက်လာပါက တိုင်းပြည်၏ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားသွားစေနိုင်သည့်အပြင် လက်ရှိတွင် ဖြစ်တည်စ အခွန်ထမ်းလိုစိတ်ယဉ်ကျေးမှု ပျက်သုဉ်းသွားနိုင်ကြောင်းနှင့် အဆိုပါ ပုဒ်မ ၂၅ ကို ထည့်သွင်းရေးဆွဲသူ မည်သူမှန်းမသိသော်လည်း ယင်းပုဒ်မကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို အဆိုပါပုဂ္ဂိုလ်မှ မည်သို့တာဝန်ယူမည်နည်းဟု ဒေါက်တာအောင်ကိုကိုက မေးခွန်းထုတ်သည်။

“အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ငွေတွေဝင်လာပြီး လုပ်ချင်သလိုလုပ်သွားမယ်ဆိုရင် ငွေဖောင်းပွမှုတို့၊ ငွေလဲနှုန်းတည်ငြိမ်မှုတို့ တစ်နည်းပြောရရင် ကုန်ဈေးနှုန်းတည်ငြိမ်မှုကို တိုက်ရိုက်ကြီးသွားထိမယ်။ အခုဆို အခွန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီတွေက အခွန်ထမ်းဆောင်ချင်စိတ်ရှိတော့မှာ မဟုတ်ဘဲ အခွန်ရှောင်လည်း ငါတို့ကရတယ်။ သုံးရာခိုင်နှုန်းပဲပေးရမှာဆိုတာမျိုးနဲ့ အခွန်ယဉ်ကျေးမှု ပျက်သွားမယ်။ အင်မတန်အန္တရာယ် များတယ်။ အဲဒီ ပုဒ်မ ၂၅ ကို သဘောတူလို့ မရဘူး။ ကျွန်တော်တို့ တစ်ဦးချင်းအနေနဲ့လည်း သဘောမတူဘူး။ နောက်တစ်ခုက အဲ ဒီပုဒ်မကို ရေးဆွဲသူသည် မည်သူမည်ဝါ၊ မည်သည့်ပုဂ္ဂိုလ်ဆိုတာ ကျွန်တော်တို့ မသိရသော်ငြားလည်း ဒီပုဂ္ဂိုလ်က ဒီလိုရေးဆွဲလိုက်တဲ့ နောက်ဆက်တွဲကို သူတာဝန်ယူ၊ တာဝန်ခံမည်လားဆိုတာ မေးစရာရှိလာတယ်” ဟု ၎င်းက ဆိုသည်။

ငွေမည်းခဝါချမှုဟု အသွင်ဆောင်နေသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ အခွန်နှုန်းလျှော့ချပေးထားမှု ပုဒ်မ ၂၅ မှာ NLD စီးပွားရေးကော်မတီ (ဗဟို) က ရေးဆွဲ ပေးခြင်းမဟုတ်ဘဲ ပြည်သူများကဲ့သို့ပင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းထွက်ရှိမှသာ သိရှိရခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆိုသည်။
ထို့ပြင် လက်ရှိ စီးပွားရေးမူဝါဒ ၁၂ ချက်သည်ပင်လျှင် NLD ပါတီ၏ မူလရွေးကောက်ပွဲ ကြေညာစာတမ်းပါ စီးပွားရေးမူဝါဒများနှင့် ကွဲလွဲမှုများရှိနေပြီး အစိုးရက လုပ်ဆောင်နေသည့် စီမံကိန်းများတွင် NLD စီးပွားရေးကော်မတီ (ဗဟို) ပင် မသိရှိသည့် ကိစ္စရပ်များ ရှိနေကြောင်း ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။

လက်ရှိမျှော်လင့်ထားသည့် Panama Papers စာရင်းဝင်အခွန်ရှောင်သူများနှင့် ဒေါ်လာ ၁၁ ဘီလျံ ပြန်ဝင်လာမည်ဆိုသည့် တွေးထင်မှုများထက် IS ကဲ့သို့ အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့များဆီမှ ငွေများစီးဝင်လာပြီး တိုင်း ပြည်စီးပွားရေးအပေါ် Manipulate လုပ်သွားပါက မည်သို့လုပ်ဆောင်မည်နည်းဟု ဒေါက်တာအောင်ကိုကိုက မေးခွန်းထုတ်သည်။

“စိုးရိမ်စရာပိုကောင်းတာက နောက်ဆုံးအဆုံးစွန်ပြောရရင် ကိုယ့်နိုင်ငံသားတွေဆီက ငွေတွေဝင်လာတာတော်သေးတယ်။ IS လို အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့တွေဆီက ငွေတွေဝင်လာရင် ဘယ်လိုလုပ်မလဲ။ ဥပမာပြောတာပေါ့ဗျာ။ ဟိုလူတွေဆီက ဝင်လာရင် ကိုယ့်နိုင်ငံသားတွေဖြစ်လို့ ဘုရားတည်၊ ကျောင်းဆောက်ဘက် ရောက်သွားနိုင်သေးတယ်။ အဲဒီလိုမဟုတ်ဘဲ အကြမ်းဖက်သမားတွေဆီက ငွေကြေးတွေနဲ့ ဝင်လာပြီး တိုင်း ပြည်စီးပွားရေးတစ်ခုလုံးကို Manipulate လုပ်သွားနိုင်တဲ့ အဆင့်ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ တိုင်းပြည်ရဲ့ နိုင်ငံရေးရော၊ စီးပွားရေးရော၊ ယဉ်ကျေးမှုရော၊ အားလုံးကို ပျက်စီးသွားစေနိုင်တာပေါ့။ စီးပွားရေးကော် မတီဝင်သာဖြစ်တယ်။ ကျွန်တော်တို့ ကြိုတင်ပြီး သိရတာလည်း မဟုတ်ပါဘူး။ တိုင်းပြည် စီးပွားရေးက ကျဆင်းနေလွန်းလို့ အဖတ်ဆည်လို့ရအောင် သုံးရာခိုင်နှုန်း၊ ငါးရာခိုင် နှုန်းပေးလိုက်မယ်ဆို မှားမယ်ဗျ။ ငွေမည်းကို ခဝါချခွင့် ပေးလိုက်သလိုဖြစ်သွားမယ်။ ငွေမည်းဆိုတာ သာမန် ရိုးရိုးသားသားဆို ပြဿနာ မရှိဘူး။ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ငွေမည်းတွေလိုမျိုး တိုင်းပြည်ရဲ့စီးပွားရေးတစ်ခုလုံး မြန်မာ့နိုင်ငံရေး တစ်ခုလုံးကို ကြိုးကိုင်ဖို့ ကြိုးစားတဲ့ အဖွဲ့အစည်းတွေလက်ထဲသာ ဝင်သွားခဲ့ရင် ဒီပိုက်ဆံတွေက အများကြီး။ ရှင်းရှင်းပြောရရင် ပြည်သူပိုင်ပြန်သိမ်းလို့ မရတဲ့ခေတ်လည်း ဖြစ်နေတယ်။ အဲဒါကို Money Laundering Law တွေနဲ့လည်း ပြန်ညှိရမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ပုဒ်မ ၂၅ သည် အဓိပ္ပာယ်နှစ်ခွ ထွက်နေသော ပြဋ္ဌာန်းချက်တစ်ခုဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ (ဗဟို) အတွင်းရေးမှူး ဦးမင်းခင်က“အခွန်ဥပဒေ တူးအင်ဝမ်း” ဆိုကာ “ လတ်တလော လွှတ်တော်မှာတင်ထားပြီး အများပြည်သူကြား ဝေဖန်နေကြတဲ့ ၂၀၁၈ ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းရဲ့ အဓိကဖြစ်တဲ့ ပုဒ်မ ၂၅ က အတော်စိတ်ဝင်စားစရာ ကောင်းတယ်။ ပထမအချက်က နိုင်ငံသားတစ်ယောက်က ပြည်ပမှာ တနည်းနည်းနဲ့ဝင်ငွေရခဲ့ပြီး အခွန်မဆောင်ခဲ့ဘူးဆိုရင်၊ ဒါမှမဟုတ်နိုင်ငံခြားမှာ ငွေတွေ၊ ဘဏ်စာရင်းတွေ ရှိနေခဲ့ရင် (ငွေပမာဏ ဘယ်လောက်ပဲ ဖြစ်ဖြစ်) သုံးရာခိုင်နှုန်းသာပေးလိုက်။ ငွေဖြူ ဖြစ်မယ်။ တရားဝင်ဝယ်တာခြမ်းတာ စီးပွားရေးလုပ်ငန်း အားလုံး လုပ်လို့ရမယ်။ ဒုတိယအချက်က အရင်တုန်းကပဲဖြစ်ဖြစ်လာမယ့် ၂၀၁၈ ထဲမှာပဲ ဖြစ်ဖြစ် ကြိုက်တာဝယ်။ ငွေဘယ်လောက်ပဲသုံးသုံး၊ စီးပွားရေးလုပ်ငန်းထောင်၊ ရှယ်ယာထည့်၊ ဝယ်၊ ငွေဖြူမယ်။ သုံးရာခိုင်နှုန်းပဲပေး။ အားလုံးတရားဝင်မယ်။ ဒီနှစ်ချက်စလုံးက တစ်ချက်ခြင်းလည်း အဓိပ္ပာယ်ရှိသလို နှစ်ချက်ပေါင်းလည်း အဓိပ္ပါယ်ရှိတယ်။ ကော်ဖီမစ် စကားနဲ့ဆို တူးအင်ဝမ်းများ ဖြစ်နေလေ
မလား” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားထားသည်။

Most Read

Most Recent