မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန် အရေးပေါ် ရန်ပုံငွေမှ ကျပ်ဘီလျံ ၂၀ ဖြင့် ဆောင်ရွက်မည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန် အရေးပေါ် ရန်ပုံငွေမှ ကျပ်ဘီလျံ ၂၀ ဖြင့် ဆောင်ရွက်မည်
Published 23 February 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ်ဘီလျံ ၂၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် သန်း ၂၆၀၁၁ ဒသမ ၁၃၁သန်းမှ နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် ကျပ်ဘီလျံ ၂၀ သုံးစွဲမှုနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက လွှတ်တော်၌ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်းမြေထိစပ်လျက်ရှိသော နယ်နိမိတ် အရှည်မှာ ၁၈၂ ဒသမ ၆၈ မိုင်ရှိကြောင်း၊ ယင်းကုန်းမြေထိစပ်နေသော နယ်နိမိတ်ကို နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ် မတ် ၃၀ ရက်အထိ အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ B-2 မှ BP 66 အထိ ၁၂၆ ဒသမ ၆၈ မိုင်အား ခြံစည်းရိုးကာရံထားပြီးဖြစ်ကြောင်း၊ စတုတ္ထအဆင့် အနေဖြင့် BP 66 မှ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံ နယ်နိမိတ်ဆုံသည့်နေရာ B-1 အထိ ၅၆ မိုင်ဆောင်ရွက်ရန် ကျန်ရှိကြောင်း၊ စတုတ္ထအဆင့်အဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၅ မိုင်နယ်စပ်ခြံစည်းရိုး ကာရံခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၂ မိုင်ကို Y ပုံသဏ္ဌာန်နှင့် သွပ်ဆူးကြိုးအဝိုင်း နှစ်ထပ်တိုးပုံစံ ခြံစည်းရိုး ပြောင်းလဲဆောက်လုပ်လျက်ရှိကြောင်း၊ ပြီးစီးပါက BP-66 နှင့် BP-68 အကြားစုစုပေါင်း ၁၄ ဒသမ ၇ မိုင် ပြီးစီးမည်ဖြစ်ကြောင်း ပြောကြားသည်။

BP-68 အနီးမှ BP-69 အနီးအထိ ၁၁ ဒသမ ၅ မိုင်အရှည်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုင်ငံတော်သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ဘဏ္ဍာငွေကျပ်ဘီလျံ ၂၀ ဖြင့် Y ပုံသဏ္ဌာန်နှင့် သွပ်ဆူးကြိုး နှစ်ထပ်တိုးပုံစံ ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် မြေညှိ၊ မြေဖြတ်ပြုလုပ်ခြင်း၊ ကင်းလှည့်မြေသားလမ်း ၄၀ ပေအတွက် အရှည် ၁၁ ဒသမ ၅ မိုင် ပြုလုပ်ပေးခြင်း၊ သံကူကွန်ကရစ် ရေထွက်ပေါက် ၁၆၁ ခုပြုလုပ်ခြင်း၊ ဂိုဒေါင်သုံးလုံး အပါအဝင် အဆောက်အအုံ ရှစ်လုံးဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် အရေးပေါ် ရန်ပုံငွေကျပ် ဘီလျံ ၂၀ ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ယခင်ဆောင်ရွက်ခဲ့သည့်အတိုင်း လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၁၀၂၁ ဒသမ ၄၃၇ သန်းအား ခွင့်ပြုရရှိခဲ့ကြောင်း၊ အဆိုပါ ခွင့်ပြုငွေများအား ရခိုင်ပြည်နယ်အတွင်း လမ်းပြုပြင်ခြင်း လုပ်ငန်းများသည် အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်၍ ရန်ပုံငွေ တင်ပြတောင်းခံပြီး အရေးတကြီး ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ ညှိနှိုင်းလာသည့်အတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ် ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလမ်းလုပ်ငန်းများအား ဆောင်ရွက်ပေးခြင်းဖြင့် ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် အထောက်အကူပြုစေမည့် လုပ်ငန်းဖြစ်ခြင်း၊ မောင်တောဒေသအတွင်း ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးများအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ၂၀၁၇ ခုနှစ်မေ ၂၉ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း(မိုရာ) သဘာဝဘေးကြောင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပျက်စီးသွားသည့် အဆောက်အအုံများ ပြင်ဆင်တည်ဆောက်ရန်အတွက် အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄၉၈၉ ဒသမ ၆၉၄ သန်း သုံးစွဲခွင့်အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၂၆၀၁၁ ဒသမ ၁၃၁ သန်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ဝန်ကြီးဌာနအလိုက် သုံးစွဲမှုများအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

Most Read

Most Recent